close

ကလေး ၂ ဦး

close

May 6, 2022

ကျောက်မဲမြို့နယ်၌ တောထဲမြင်းသွားရှာသည့် ကလေး ၂ ဦး မိုင်းနင်းမိသဖြင့် ဒဏ်ရာပြင်းထန်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်လင်ကျေးရွာမှ မေ ၅ ရက် က တောထဲ မြင်းသွားရှာတဲ့ကလေး   နှစ်ယောက်  မိုင်းနင်းမိပြီး ဆေးရုံတင်ထားရပါတယ်။ 

အဆိုပါကလေး နှစ်ယောက်ဟာ  ပန်လင်ရွာက အသက် ၁၃ နှစ်အရွယ်  မိုင်းကျော်ရန်နဲ့ အသက် ၆ နှစ်သား မိုင်းမင်းဟန်ဦးတို့ဖြစ်ပြီး  သူတို့ရဲ့ ဒူးခေါင်း၊ ပေါင်၊ ခြေသလုံးနဲ့  ဝမ်းဗိုက်တွေမှာ ဒဏ်ရာပြင်းတဲ့အတွက် ကျောက်မဲဆေးရုံကနေ လားရှိုးဆေးရုံကို လွှဲပေးလိုက်ပြီလို့  အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ  မိုင်းရဲဝင်းအောင်က ပြောပါတယ်။

“သူတို့ရွာကတော့ ကျောက်မဲနဲ့ မိုင် ၂၀ လောက်ဝေးတယ်ခင်ဗျ။ ကျနော်တို့ဆီ အကြောင်း ကြားလာတာက ၁၁ နာရီထိုးခါနီးလောက်ပေါ့။ အိမ်ကမြင်းပျောက်သွားလို့  ရွာပြင်ဘက် လိုက်ရှာရင်း မိုင်းနင်းမိတာတဲ့။ ဒဏ်ရာရတဲ့နေရာတွေက နှစ်ယောက်လုံးတူတယ်။ ဒါပေမဲ့ ၆ နှစ်ရွယ်ကလေးက ပိုဆိုးတယ်။ သွေးထွက်များတော့ လမ်းမှာ အောက်စီဂျင်ပေးပြီး ခေါ်လာရတယ်။ ပထမကျောက်မဲဆေးရုံပို့ပေးပါတယ်။ အခုတော့ ကျောက်မဲကနေ လားရှိုးဆေးရုံကိုလွှဲ ပေးလိုက်ပြီခင်ဗျ။”

ကလေးမိဘတွေဟာ လက်ဖက်ခြံလုပ်ငန်းကိုသာလုပ်ကိုင်တာကြောင့် ငွေကြေမချောင်လည်ဘဲ ကလေး နှစ်ယောက်ခုလိုဖြစ်သွားတော့ ဆေးဖိုးဝါးခအကူအညီလိုအပ်နေပြီး လောလောဆယ်  တအာင်းအမျိုးသမီးအဖွဲ့က ကျပ် ၅ သိန်း ကူညီထားပါတယ်။ 

မိုင်းနင်းမိတဲ့ကလေးတွေအတွက် ကူညီပေးလိုသူတွေအနေနဲ့  အိုမ်တမာဝ် လူမှုကူညီရေးအသင်း ၀၉၄၄၅၀၁၆၇၆၁ / ၀၉၄၅၆၉၈၉၂၁၉ နဲ့ ၀၉၄၀၃၇၀၄၄၆၆ ကို ဆက်သွယ်ကူညီနိုင်ပါတယ်။ 

ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်က  TNLA တအာင်းတပ်မတော် ၊ SSPP  တို့ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့   RCSS တပ်တွေတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တာပါ။

ဒီနှစ်ထဲမှာ တိုက်ပွဲငြိမ်သွားပေမဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတဝိုက်မှာ ရွာသားတွေ မကြာခဏမိုင်းနင်းမိကြပြီး   စုစုပေါင်း ၁၃ ကြိမ်လောက်ရှိသွားပြီလို့ အိုမ်တမောဝ်အဖွဲ့က ပြောပါတယ်။ 

8 mins Ago

October 31, 2020

ဖားကန့်တွင် လသားအရွယ် ကလေး ၂ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦးတွေ့ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ အောက်ဘာလ ၃၀ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၈ ဦး ထပ်မံတွေရှိခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ လူနာသစ် ၈ ဦးထဲမှာ လသားအရွယ် ကလေးငယ်နှစ်ဦး ပါဝင်နေပြီး ကူးစက်ခံရသူ ပိုးတွေ့လူနာအားလုံးဟာ တောင်ပြိုကျေးရွာက ဖြစ်တယ်လို့ ဖားကန့်မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်မှု ကော်မတီထံဆီက သိရပါတယ်။ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို စက်တင်ဘာ ၉ ရက်နေ့ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၉၂ ဦး ရှိလာပြီလို့ သိရပါတယ်။ ကူးစက်ခံရသူအများစုဟာ ဖားကန့်မြို့နယ်ရဲ့ ပထမဆုံး  ကိုဗစ်-၁၉ ကူးစက်ခံရသူနေထိုင်ခဲ့တဲ့ တောင်ပြိုရွာက အများဆုံးဖြစ်ပြီး ၈၄ ဦးရှိပြီလို့ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဆီက သိရပါတယ်။  ပိုးတွေ့လူနာအားလုံးဟာ ကျန်းမာရေးကောင်းမွန်နေပြီး အများစုက ဆေးရုံဆင်းခွင့် ရရှိသွားပြီလို့ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်းက ပြောပါတယ်။ "ပိုးတွေ့လူနာ ၉၂ ဦးထဲက ၈၁ ဦးဟာ ဆေးရုံး ဆင်းခွင့်ပြုလိုက်ပြီ။ ၁၁ ဦးပဲ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်။ သေဆုံးသူ တဦးမှ မရှိသေးဘူး။ လူနာအားလုံး ကျန်းမာရေးကောင်းကြတယ်။ စောင့်ကြည့်လူနာ၊ သံသယလူနာမရှိပါဘူး။ Swab ပို့ထားတဲ့ စောင့်ဆိုင်းအဖြေလည်း မရှိတော့ပါဘူး။"  ကချင်ပြည်နယ်အတွင်းမှာ  ဖားကန့်မြို့နယ်ဟာ ကိုဗစ်-၁၉ ကူးစက်ခံရသူအများဆုံး ဖြစ်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက Stay at Home နေထိုင်ကြဖို့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာထားပါတယ်။ ဇော်မိုးထက် (ဖားကန့် )
2 years Ago
Up