စစ်ကိုင်းတိုင်း ယင်မာပင်မြို့နယ်၊ ဘန့်ဘွေးထန်ဇင်ရွာက စစ်ဘေးရှောင်တွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေး ၃ ယောက် သေဆုံးပြီး လူကြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကြောင့် ၄ လအရွယ်၊ ၆ နှစ်အရွယ်နဲ့ ၁၆ နှစ်အရွယ် ကလေး ၃ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မေ ၁၁ ရက်က နဘူးတောရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ကာ ရွာသား ကိုဌေးနိုင်ကို သတ်ဖြတ်ခဲ့ပြီး မေ ၁၂ ရက်မှာတော့ ဘန့်ဘွေးထန်ဇင်ရွာအုပ်စု၊ မယ်ဇော်တောဘက်ကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကူညီကယ်ဆေးရေးလုပ်ပေးနေတဲ့ ဒေသခံ အမျိုးသမီးတဦးက “ဇူးဇူးစံ အသက် ၆ နှစ်က ရင်ဘက်ပွင့်ထွက် သေတယ်။ မဝေဝေဌေး ၁၆ နှစ်က နေရာတင်ပွဲချင်းပြီး သေဆုံးတာပါ။ နောက် မဖြူစန်း အသက် ၃၀ ကျော်အရွယ်နဲ့ သူ့ရဲ့ ၄ လသားအရွယ် ကလေးငယ်ပါ။ ဖြူစန်းကတော့ ရင်ဘက်ကနေ နောက်လက်ပြင်ပေါက်ထွက် ဒဏ်ရာရယ်၊ သူ့ကလေးကတော့ ညာဘက်နားထင်ကနေ ဘယ်ဘက်နားထင်ပေါက်ထွက် ဒဏ်ရထားတယ်။ အခြေအနေကတော့ စောင့်ကြည့်အနေအထားပါ။ အသက် ၆၀ အရွယ် ဒေါ်ဌေးရီကတော့ ညာဘက်လက် ပြတ်ထွက်သွားတယ်။ ဒဏ်ရာရသူတွေ အကုန်လုံးကတော့ စစ်ကြောင်းလည်းရှိနေတော့ ဆေးကုသဖို့ မဖြစ်နိုင်သေးတော့ သွေးထွက်လွန်နေတယ်” လို့ ပြောပါတယ်။
စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီးနောက် ထန်းဇင်တောထဲက ဒေသခံ ၁၀ ယောက်ကို ဖမ်းဆီးသွားပြီး ကနီမြို့နယ် လယ်ရှည်ရွာကို ထွက်သွားတယ်လို့ သိရပါတယ်။
အခုလို စစ်ကြောင်းထိုးလာတာကြောင့် ယင်းမာပင်မြို့နယ်ထဲက ထန်းဇင်ရွာ၊ မယ်ဇော်တောတိုက်၊ ရေသောက်ကန်တောတိုက်နဲ့ ကနီမြို့နယ် လယ်ရှည်ရွာ၊ တွင်းရွာကဒေသခံ ထောင်နဲ့ချီ ထွက်ပြေး နေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ ပြုလုပ်ခဲ့တာကြောင့် PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ခုံသာရွာ ဒေသခံတွေက ပြောပါတယ်။
မေ ၁၁ ရက် မနေ့မနက်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရာဇဂြိုဟ်အနီးက အကျဉ်းစခန်းကို ကလေး PDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့အဖွဲ့က အကျဉ်းစခန်းကို မနက်ပိုင်း ဝင်တိုက်ခဲ့တာ။ တိုက်နေချိန် စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ သုံးလာလို့ နောက်ဆုတ်ခဲ့ရတယ်။ ရဲဘော် ကိုကျော်ကြီး တိုက်ပွဲမှာ ကျသွားတယ်။ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေတော့ မသိခဲ့ရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက ရာဇဂြိုဟ်မြို့ အပါအဝင် အရှေ့ခုံသာ၊ အနောက်ခုံသာ၊ ကြက်ဖိနပ်ကျေးရွာတွေက ဒေသခံတွေပါ ကလေးမြို့ပေါ်တွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်ရှောင်လူဦးရေကတော့ များတယ်။ ရာသီသီးနှံ (မြေပဲနဲ့ နေကြာ) သိမ်းနေချိန်ကြီး ပြေးကြရတာ။ ရွာထဲတွေတော့ ပစ်တာမျိုးမရှိသေးဘူး။ ရွာမှာမနေရဲလို့ တိမ်းရှောင်ကြတဲ့ သဘောပါ။”
အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထား မတွေ့ရသေးပေမဲ့ ရာဇဂြိုဟ်အကျဉ်းစခန်းမှာ စစ်ကောင်စီတပ်သားတွေ အင်အားတိုးချဲ့ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန်နဲ့မက္ကဆီကို နယ်စပ်ရှိ မြစ်မှာ စွန့်ပစ်ခံထားရတဲ့ကလေးငယ် ၃ ဦးကို မက္ကဆီကိုရဲ့ ရွှေ့ပြောင်းအခြေချ တာဝန်ရှိသူတွေက ဇန်နဝါရီလ ၁၂ ရက်မှာ ကယ်ဆယ်ခဲ့ပါတယ်။
မက္ကဆီကို ရွှေ့ပြောင်းအခြေချ နေထိုင်သူများ သက်သာချောင်ချိရေး အေဂျင်စီ ဂရူပိုဘီတာအဖွဲ့ ဟာ ပီရပ်ဒရပ်စ် နေးဂရက်စ်မြို့ရှိ ရီယိုဘရာဗိုမြစ်ထဲက ကျွန်းငယ်လေးတခုမှာ သောင်တင်နေတဲ့ ဆဲလ်ဗေးဒိုယန် ညီအစ်မ ၃ ယောက်ကို ကယ်ဆယ်ခေါ်ယူလာခဲ့တာပါ။
ဒီကလေးငယ် ၃ ဦးဟာ အသက် ၉ နှစ်၊ ၆ နှစ်နဲ့ ၁ နှစ်အရွယ်သာ ရှိသေးပြီး သူတို့ကို မက္ကဆီကိုနိုင်ငံက မိသားစုတွေ ပေါင်းစည်းရေးဆိုင်ရာအဖွဲ့အစည်းတခုဖြစ်တဲ့ (DIF) အဖွဲ့အစည်းက လက်ရှိမှာ ထိန်းသိမ်းပေးထားကြောင်း အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်ထဲမှာ အတည်ပြုထားပါတယ်။
အမေရိကန်ဟာ တခြားလက်တင်အမေရိကနိုင်ငံတွေကနေ အမေရိကန်တောင်ပိုင်းနယ်စပ်ကို ရောက်ရှိလာသူတွေအတွက် နယ်စပ်ထိန်းချုပ်မှုတွေကို တင်းကျပ်ထားပါတယ်။
ဇန်နဝါရီ ၅ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဘက် နှစ်ဖက်မဟာဗျူဟာအသစ်ကို ကြေညာခဲ့ပါတယ်။
တဖက်က အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်က ကျူးဘား၊ ဟေတီနဲ့ နီကာရာဂွါနိုင်ငံက ရွှေ့ပြောင်း အခြေချသူတွေကို တားမြစ်ပိတ်ဆို့မယ့် အစီအမံဖြစ်ပြီး တဖက်မှာတော့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့အတွက် အကန့်အသတ်ရှိတဲ့ တရားဝင်လမ်းကြောင်းကို ဖွင့်ပေးထားပါတယ်။
ဒီဆောင်ရွက်ချက်ဟာ စံချိန်တင် နယ်စပ်ဖြတ်ကျော်မှုတွေကို လျှော့ချဖို့နဲ့ ရီပတ်ဘလီကန်တွေရဲ့ ဝေဖန်မှုတွေကနေ ဘိုင်ဒင်ကို အကာအကွယ်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကြေညာချက်ဟာ ဘိုင်ဒင်ရဲ့ ခိုလှုံခွင့် ပြန်ရရေးဆိုတဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကနေ ရှောင်လွဲရာကျနေခဲ့တာပါ။
Title 42 လို့ သိထားတဲ့ ကန့်သတ်ချက်တွေအရ နယ်စပ်မှာ ဖမ်းမိထားတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို အမေရိကန်နိုင်ငံအတွင်း ခိုလှုံခွင့် တောင်းဆိုခွင့်မရှိစေဘဲ မက္ကဆီကိုနိုင်ငံဆီ ချက်ချင်း နယ်နှင်ဒဏ်ပေးနိုင်ဖို့ အာဏာပိုင်တွေကို ခွင့်ပြုထားပါတယ်။
မက္ကဆီကိုနိုင်ငံကလည်း သူ့နိုင်ငံသားတွေနဲ့ ဗဟိုအမေရိကနိုင်ငံသားတချို့ကိုသာ ပြန်လက်ခံခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဗင်နီဇွဲလားနိုင်ငံသားတွေကို လက်ခံဖို့ သဘောတူညီခဲ့ပြီး လက်ရှိ အချိန်မှာတော့ နောက်ထပ်နိုင်ငံသားတွေကိုပါ ထပ်တိုးလက်ခံနေတာ ဖြစ်ပါတယ်။