ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလီယံကျော် ထိုးပြီးဖြစ်ကာ မြောက် ကိုရီးယားအပါအဝင် နိုင်ငံ ၆ နိုင်ငံမှာတော့ လုံးဝမထိုးရသေးဘူးလို့ အေအက်ဖ်ပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒါဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေးကမ်ပိန်းစတင်ချိန်က ၆ လတာကာလ အတွင်း နိုင်ငံပေါင်း ၂၁၅ နိုင်ငံမှာ ထိုးခဲ့ပြီးဖြစ်တဲ့ ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ နိုင်ငံတွေထဲမှာတော့ အစ္စရေးနိုင်ငံက ရှေ့တန်းက ဦးဆောင်နေပြီး လူ ၁၀ ယောက်မှာ ၆ ယောက်နီးပါးနှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ကနေဒါနိုင်ငံက နိုင်ငံ့လူဦးရေရဲ့ ၅၉ ရာခိုင်နှုန်းဟာ အနည်းဆုံး ၁ ကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်ကာ ယူကေနိုင်ငံကတော့ ၅၈ ဒသမ ၃ ရာခိုင်နှုန်း၊ ချီလီနိုင်ငံက ၅၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အမေရိကန်နိုင်ငံက ၅၁ ရာခိုင်နှုန်းစီနဲ့ အသီးသီး ရပ်တည်နေကြပါတယ်။
လူ ၁၀ ယောက်မှာ ၆ ယောက်နှုန်းနဲ့ ကာကွယ်ဆေးထိုးပြီးတဲ့ နိုင်ငံတွေထဲမှာတော့ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေက ကာကွယ်ဆေး ၇၀၄ ဒသမ ၈ သန်း၊ ၂၉၆ ဒသမ ၉ သန်းနဲ့ ၂၂၁ သန်းစီ အသီးသီး ထိုးထားခဲ့ပြီး ဖြစ်ပါတယ်။
လူ ၁၀ ယောက်မှာ ၄ ယောက်နှုန်းနဲ့ ကာကွယ်ဆေးအနည်းဆုံး ၁ ကြိမ်ထိုးပြီးတဲ့ ဥရောပနိုင်ငံတွေထဲမှာတော့ ဂျာမနီနိုင်ငံက ၄၃ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး သူ့ နောက်မှာတော့ အီတလီက ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေက ၃၉ ဒသမ ၄ ရာ ခိုင်နှုန်းစီနဲ့ ရှိနေတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးမှု လုံးဝမစတင်ရသေးတဲ့ နိုင်ငံတွေထဲမှာတော့ မြောက်ကိုရီးယားအပါအဝင် ဟေတီ၊ တန်ဇန်းနီးယား၊ ချက်ဒ်၊ ဘူရွန်ဒီနဲ့ အီရစ်ထရီယာ နိုင်ငံ ၆ နိုင်ငံသာ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။