close

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလီယံကျော်ထိုးပြီး ၊ မြောက်ကိုရီးယား အပါအဝင် ၆ နိုင်ငံတွင် မထိုးရသေး

photo-Reuters

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလီယံကျော် ထိုးပြီးဖြစ်ကာ မြောက် ကိုရီးယားအပါအဝင် နိုင်ငံ ၆ နိုင်ငံမှာတော့ လုံးဝမထိုးရသေးဘူးလို့ အေအက်ဖ်ပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေးကမ်ပိန်းစတင်ချိန်က ၆ လတာကာလ အတွင်း နိုင်ငံပေါင်း ၂၁၅ နိုင်ငံမှာ ထိုးခဲ့ပြီးဖြစ်တဲ့ ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ နိုင်ငံတွေထဲမှာတော့ အစ္စရေးနိုင်ငံက ရှေ့တန်းက ဦးဆောင်နေပြီး လူ ၁၀ ယောက်မှာ ၆ ယောက်နီးပါးနှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ကနေဒါနိုင်ငံက နိုင်ငံ့လူဦးရေရဲ့ ၅၉ ရာခိုင်နှုန်းဟာ အနည်းဆုံး  ၁ ကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်ကာ ယူကေနိုင်ငံကတော့ ၅၈ ဒသမ ၃ ရာခိုင်နှုန်း၊ ချီလီနိုင်ငံက ၅၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အမေရိကန်နိုင်ငံက ၅၁ ရာခိုင်နှုန်းစီနဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

       လူ ၁၀ ယောက်မှာ ၆ ယောက်နှုန်းနဲ့ ကာကွယ်ဆေးထိုးပြီးတဲ့ နိုင်ငံတွေထဲမှာတော့ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေက ကာကွယ်ဆေး ၇၀၄ ဒသမ ၈ သန်း၊ ၂၉၆ ဒသမ ၉ သန်းနဲ့ ၂၂၁ သန်းစီ အသီးသီး ထိုးထားခဲ့ပြီး ဖြစ်ပါတယ်။

လူ ၁၀ ယောက်မှာ ၄ ယောက်နှုန်းနဲ့ ကာကွယ်ဆေးအနည်းဆုံး ၁ ကြိမ်ထိုးပြီးတဲ့ ဥရောပနိုင်ငံတွေထဲမှာတော့ ဂျာမနီနိုင်ငံက ၄၃ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး သူ့ နောက်မှာတော့ အီတလီက ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေက ၃၉ ဒသမ ၄ ရာ ခိုင်နှုန်းစီနဲ့ ရှိနေတယ်လို့ ဆိုပါတယ်။

       ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးမှု လုံးဝမစတင်ရသေးတဲ့ နိုင်ငံတွေထဲမှာတော့ မြောက်ကိုရီးယားအပါအဝင် ဟေတီ၊ တန်ဇန်းနီးယား၊ ချက်ဒ်၊ ဘူရွန်ဒီနဲ့ အီရစ်ထရီယာ နိုင်ငံ ၆ နိုင်ငံသာ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up