ဂျပန်အစိုးရဟာ ချစ်ခင်ရင်းနှီးတဲ့နိုင်ငံတွေမှာ ကာကွယ်ရေး တိုးမြှင့်ရေး ကူညီဖို့ ဘဏ္ဍာရေး အကူအညီတွေ ပေးဖို့အတွက် စီစဉ်နေတယ်လို့ ဧပြီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဒါဟာ စစ်ရေးရည်ရွယ်ချက်အတွက် နိုင်ငံတကာအကူအညီတွေကို မသုံးဖို့ တားမြစ်ပိတ်ပင်ထားတဲ့ စည်းမျဉ်းဘောင်တွေထဲကနေ ထွက်လာတဲ့ ပထမဆုံး အမှတ်တရလည်း ဖြစ်လာပါတယ်။
ဂျပန် နိုင်ငံခြားလုံခြုံရေး အထောက်အပံ့ (OSA) က နိုင်ငံခြားဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ (ODA) နဲ့ သီးခြားစီ လုပ်ငန်းဆောင်ရွက်သွားမယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟိရိုခါ့ဇု မတ်စုနိုက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ODA ကတော့ လမ်းတွေ၊ ဆည်တွေနဲ့ တခြား အရပ်ဘက် အခြေခံအဆောက်အဦ စီမံကိန်းတွေအတွက် ရန်ပုံငွေထောက်ပံ့နေတဲ့ အစီအစဉ်ပါ။
OSA အကူအညီဟာ လက်နက်တင်ပို့မှု ထိန်းချုပ်ရေး စည်းမျဉ်း ၃ ချက်နဲ့အညီ ဆောင်ရွက်မှာ ဖြစ်ပြီး တခြားနိုင်ငံတွေနဲ့ ပဋိပက္ခမှာသုံးဖို့ လက်ခံနိုင်ငံတွေဆီကို လူသေစေနိုင်တဲ့ လက်နက်တွေ ဝယ်ပေးရာမှာ သုံးမှာမဟုတ်ဘူးလို့ မတ်စုနိုက ပြောပါတယ်။
အာရှမှာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့ ငါးနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် နှစ်ဆတိုးပေးမယ့် စစ်ရေးတည်ဆောက်မှုဆိုင်ရာ ဂျပန်ရဲ့ ဒီဇင်ဘာ ကြေညာချက် ထွက်လာပြီးတဲ့နောက် စစ်ရေးဆိုင်ရာ စီမံကိန်းတွေအတွက် နိုင်ငံတကာ အကူအညီနယ်ပယ် ချဲ့ထွင်ဖို့ ဆုံးဖြတ်ချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဂျပန်ဝန်ကြီးချုပ် ဖှုမီအို ခိရှိဒါ့ကို သမ္မတ အိမ်ဖြူတော်ကနေ ဇန်နဝါရီ ၁၃ ရက်မှာ ကြိုဆိုခဲ့ပြီး ဂျပန်ရဲ့ ကာကွယ်ရေးကို အမေရိကန်က အခိုင်အမာ ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။
ဂျပန်နဲ့ မဟာမိတ်အဖြစ် အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ ကတိကဝတ်ပြုထားပြီး ဂျပန်ကာကွယ်ရေး အသုံးစရိတ်သမိုင်းဝင် တိုးမြင့်လာတာကို ဂုဏ်ပြုတယ်လို့လည်း ဘိုင်ဒန်က ပြောခဲ့ပါတယ်။
ခိရှိဒါ့ဟာ G7 စက်မှု အင်အားကြီးနိုင်ငံတွေဆီ လေ့လာရေး ခရီးအတွက် ဝါရှင်တန်မြို့တော်ကို ရောက်နေတာပါ။
တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့က ဒေသတွင်း လုံခြုံရေးအပေါ် ပိုတိုးပြီး ခြိမ်းခြောက် လာနေတဲ့အတွက် ဂျပန်မှာ စိုးရိမ်မှုတွေ မြင့်တက် နေချိန်မှာ ကာလရှည်ကြာ မဟာမိတ်တွေ အားကောင်းလာစေဖို့ ခိရှိဒါ့က ကြိုးစားနေပါတယ်။
ဘိုင်ဒန်က ခုချိန်ဟာ အမေရိကန်-ဂျပန် မဟာမိတ် အဖွဲ့မှာ မှတ်သားစရာကောင်းတဲ့ အခိုက်အတန့် တစ်ခုလို့ ခေါ်ဆိုခဲ့ပြီး နှစ်နိုင်ငံသည် ဘယ်တုန်းကမှ ခုလောက် ပိုနီးနီး ကပ်ကပ် မရှိဖူးသေးဘူးလို့ ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မဟာမိတ် အတွက် အပြည့်အဝ၊ စေ့စေ့ စပ်စပ်၊ လုံးလုံးလျားလျား ကတိကဝတ် ပြုပါတယ်လို့လဲ ဘိုင်ဒန်က ပြောပါတယ်။
နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို နီးနီးကပ်ကပ် ဆောင်ရွက်ရာမှာ ခိုင်မာတဲ့ ဦးဆောင်မှု ကိုပေးတဲ့ ခိရှိဒါ့ကို ကျေးဇူးတင်တယ်လို့လည်း ဘိုင်ဒန်က ပြောခဲ့ပါတယ်။
ခိရှိဒါ့ကလည်း ဒေသတွင်း လုံခြုံရေးအတွက် အမေရိကန်ရဲ့ လုပ်ဆောင်မှုတွေကြောင့် ဘိုင်ဒန်ကို ကျေးဇူးတင်ကြောင်းနဲ့ ဂျပန်နဲ့ အမေရိကန်တို့ဟာ လတ်တလော သမိုင်းမှာ အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေး ပတ်ဝန်းကျင်ကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး အတွက် ဂျပန်အစိုးရဟာ ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့တဲ့ ကာကွယ်ရေးဗျူဟာသစ်ကို ချမှတ်ခဲ့တာလို့လဲ ခိရှိဒါ့က ဆက်ပြောခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် မေလမှာ ဟီရိုရှီးမားမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး ၇ နိုင်ငံ ထိပ်သီးညီလာခံမှာ ချမှတ်ခဲ့တဲ့အတိုင်း နိုင်ငံတကာ စည်းမျဥ်း စည်းကမ်းနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဖို့ ခိုင်မာတဲ့ဆန္ဒကို လက်တွေ့ သက်သေ ပြသင့်ပြီလို့ ဂျပန်ဝန်ကြီးချုပ် ဖှုမိအို ခိရှိဒါ့က ဇန်နဝါရီ ၁၄ ရက်မှာ ပြောလိုက် ပါတယ်။
ဇန်နဝါရီ ၁၃ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ထိပ်သီးဆွေးနွေးပွဲ အပြီး တစ်ရက်အကြာ ဝါရှင်တန် မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ခိရှိဒါ့ က ခုလို ပြောလိုက်တာပါ။
ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဒီဒေ့ဗ်ရဲ့ မှတ်ချက်ကိုတော့ ခိရှိဒါ့က ထုတ်မပြောခဲ့ပါဘူး။ မက်ဒီဒေ့ဗ်က ဂျပန်ခေါင်းဆောင်ဟာ အမေရိကန်ကို ရှက်စရာ ကောင်းလောက်အောင် ခယ အောက်ကျို့နေတယ်လို့ ဇန်နဝါရီ ၁၄ ရက်က စွပ်စွဲခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်ခေါင်းဆောင်ဟာ ဝမ်းနှုတ်ဆေးချည့် အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပုံမှန် ဝမ်းသွားအောင် ကြိုးစားသင့်တယ်လို့လည်း သူက အဆိုပြု ပြောဆိုခဲ့ပါတယ်။