မိတ်ဘက်နိုင်ငံများတွင် ကာကွယ်ရေးတိုးမြှင့်ရန် ဂျပန် ကူညီမည်

ဂျပန်အစိုးရဟာ ချစ်ခင်ရင်းနှီးတဲ့နိုင်ငံတွေမှာ ကာကွယ်ရေး တိုးမြှင့်ရေး ကူညီဖို့ ဘဏ္ဍာရေး အကူအညီတွေ ပေးဖို့အတွက် စီစဉ်နေတယ်လို့ ဧပြီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဒါဟာ စစ်ရေးရည်ရွယ်ချက်အတွက် နိုင်ငံတကာအကူအညီတွေကို မသုံးဖို့ တားမြစ်ပိတ်ပင်ထားတဲ့ စည်းမျဉ်းဘောင်တွေထဲကနေ ထွက်လာတဲ့ ပထမဆုံး အမှတ်တရလည်း ဖြစ်လာပါတယ်။
ဂျပန် နိုင်ငံခြားလုံခြုံရေး အထောက်အပံ့ (OSA) က နိုင်ငံခြားဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ (ODA) နဲ့ သီးခြားစီ လုပ်ငန်းဆောင်ရွက်သွားမယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟိရိုခါ့ဇု မတ်စုနိုက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ODA ကတော့ လမ်းတွေ၊ ဆည်တွေနဲ့ တခြား အရပ်ဘက် အခြေခံအဆောက်အဦ စီမံကိန်းတွေအတွက် ရန်ပုံငွေထောက်ပံ့နေတဲ့ အစီအစဉ်ပါ။
OSA အကူအညီဟာ လက်နက်တင်ပို့မှု ထိန်းချုပ်ရေး စည်းမျဉ်း ၃ ချက်နဲ့အညီ ဆောင်ရွက်မှာ ဖြစ်ပြီး တခြားနိုင်ငံတွေနဲ့ ပဋိပက္ခမှာသုံးဖို့ လက်ခံနိုင်ငံတွေဆီကို လူသေစေနိုင်တဲ့ လက်နက်တွေ ဝယ်ပေးရာမှာ သုံးမှာမဟုတ်ဘူးလို့ မတ်စုနိုက ပြောပါတယ်။
အာရှမှာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့ ငါးနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် နှစ်ဆတိုးပေးမယ့် စစ်ရေးတည်ဆောက်မှုဆိုင်ရာ ဂျပန်ရဲ့ ဒီဇင်ဘာ ကြေညာချက် ထွက်လာပြီးတဲ့နောက် စစ်ရေးဆိုင်ရာ စီမံကိန်းတွေအတွက် နိုင်ငံတကာ အကူအညီနယ်ပယ် ချဲ့ထွင်ဖို့ ဆုံးဖြတ်ချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။