close

ကားဖြင့်ဝင်တိုက်မှု

close

April 8, 2023

အစ္စရေးတွင် ကားဖြင့်ဝင်တိုက်မှုကြောင့် ကမ္ဘာလှည့်ခရီးသည် ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာ ဧပြီ ၇ ရက်က ကားနဲ့ဝင်တိုက်ခံရလို့ အီတလီခရီးသွားတစ်ဦး သေဆုံးကာ နောက်ထပ်ခရီးသွား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေးနဲ့ အီတလီ တာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။

အခင်းဖြစ်ရာကို အနီးတစ်ဝိုက်က ရဲအရာရှိတစ်ဦး ရောက်လာခဲ့ပြီး ဒဏ်ရာရရှိသွားသူတွေကို ရှာဖွေခဲ့တဲ့အပြင် တဲလ်အဗစ်မြို့က ပင်လယ်ကမ်းခြေတနေရာမှာ ကားတစ်စီး တိမ်းမှောက်နေတာကိုလည်းတွေ့ရပါတယ်။

အစ္စရေး လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးကတော့ ဒီတိုက်ခိုက်မှုကို ကျူးလွန်သူဟာ ကဖာ ကာဆမ်မြို့က အစ္စရေးအာရပ်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုထဲမှာလည်း တိမ်းမှောက်နေတဲ့ ကားတစ်စီးအနီးက အစ္စရေး ရဲတပ်ဖွဲ့ဟာ တရားခံကို သေနတ်နဲ့  ပစ်သတ်ခဲ့တဲ့ အခိုက်အတန့် ပါဝင်ပြီး အခင်းဖြစ်ရာကို အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေပါ ရောက်ရှိလာကြပါတယ်။

အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ကားပေါ်က ညီအစ်မ ၂ ဦးဖြစ်သူ ပစ်သတ်ခံရပြီးနောက် ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့သောကြာနေ့ တစ်ရက်အတွင်း  ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

အစောပိုင်းက သေဆုံးသွားသူ ၂ ဦးဟာ ဗြိတိန်နိုင်ငံသားတွေဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး က အတည်ပြုထုတ်ပြန်ထားပါတယ်။

4 mins Ago

February 25, 2020

ဂျာမနီ ဖို့မာဆင်မြို့ ပွဲတော်အတွင်း ကားဖြင့်ဝင်တိုက်မှုကြောင့် လူ ၃၀ ဒဏ်ရာရ

ဂျာမနီအနောက်ပိုင်း ဖို့မာဆင်မြို့မှာကျင်းပတဲ့ ပွဲတော်အတွင်း  ဖေဖော်ဝါရီ ၂၄ ရက်က ကားတစီး ဝင်တိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် လူအယောက် ၃၀ လောက် ဒဏ်ရာရပါတယ်။ ကားတိုက်မှုမှာ လူပေါင်း  ၈ ယောက်ကနေ ၁၀ ယောက်လောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သူတို့တွေထဲမှာ ကလေးငယ်တွေ ပါဝင်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။   အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်းသူက  တမင်တကာ ဝင်တိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က  ယုံကြည်တယ်ဆိုပြီး ဒေသန္တရရုပ်သံ ဟက်ဆန်ရှောင်က အစီရင်ခံပါတယ်။  ယာဉ်မောင်းသူဟာ ရဲတပ်ဖွဲ့ ကာရံထားတဲ့ အရံအတားကို ဝင်တိုက်ပြီး လူ ၁၅၀၀ ဝန်းကျင် စုဝေးနေတဲ့ စီတန်းပွဲနေရာကို တမင်တကာ ဝင်တိုက်ခဲ့တယ်လို့ ဒေသန္တရ ရုပ်သံက  ပြောခဲ့ပါတယ်။  ကားဟာ လူအုပ်ကို ဝင်တိုက်ပြီး နောက်မီတာ ၃၀ လောက်အထိ ဆက်မောင်းခဲ့ပြီးမှ ရပ်သွားခဲ့တယ်လို့လည်း မျက်မြင်တဦးက ပြောပါတယ်။ ကားတိုက်မှု ဖြစ်ပြီးနောက်မှာ ရဲတပ်ဖွဲ့က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖို့မာဆင်မြို့ရှိရာ ဟယ်ဆာပြည်နယ်မှာ ပွဲတော်အစီအစဉ် အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။ ဟာနာအိုမြို့မှာ သေနတ်သမား အပါအဝင် လူ ၁၀ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပြီး သီတင်းတပတ်အတွင်းမှာ အခုလို ကားတိုက်မှု ဖြစ်ခဲ့တယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
3 years Ago
Up