ပြီးခဲ့တဲ့ တလတာကာလအတွင်း အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆ ၃၀ ကျော် မြင့်တက်လာခဲ့ပေမဲ့ ဇန်နဝါရီ ၁၄ ရက်မှာတော့ ဂင်္ဂါမြစ်ကမ်းတွေပေါ်မှာ ဟိန္ဒူဘာသာဝင်များစွာ ဟာ ရိုးရာအစဉ်အလာအတိုင်း သန့်ရှင်းသောမြစ်ရေနဲ့ ရေချိုးပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။
ဘုရားဖူးတွေဟာ ဥတာပရာဒက်ရှ်ပြည်နယ် မြောက်ပိုင်းက မြစ်ကမ်းပါးတွေမှာ စုပြုံနေပြီး နှာခေါင်းစည်း ဝတ်ထားသူလည်း အလွန်နည်းပါတယ်။
သူတို့က အရှေ့ဘန်ဂေါပြည်နယ်ကို ဖြတ်စီးဆင်းလာတဲ့ ရေထဲမှာ ခေါင်းနှစ် ရေချိုးကြတာပါ။ အဲဒီပြည်နယ်ဟာ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးပြည်နယ်ပါ။
ကူးစက်မြန်တဲ့ အိုမီခရွန်ကြောင့် အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ပျံနှံ့မှု လတ်တလော မြင့်မားနေပြီး သောကြာနေ့ တရက်အတွင်း လူ ၂၆၄,၂၀၂ ဦး ကူးစက်ခဲ့ပါတယ်။ စုစုပေါင်း ကူးစက်ခံရသူ ၃၆ ဒသမ ၅၈ သန်း ရှိပါပြီ။
ဆရာဝန်တွေက ရေချိုးပွဲတော်ဟာ ဗိုင်းရပ်စ် စူပါဖြန့်ချိမှု ဖြစ်လာနိုင်တာကြောင့် ယခုနှစ် ရေချိုးပွဲတော် မကျင်းပဖို့ အနောက်ဘန်ဂေါပြည်နယ် တရားရုံးကို တောင်းဆိုခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ကချင်ပြည်နယ် ဖားကန့်က ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေမှာ ဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရသူတွေ များပြားလာနေပေမယ့် ဆက်လက် အလုပ်စေခိုင်းနေတယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက DVB ကို ပြောပါတယ်။
"ကျနော်တို့ ကုမ္ပဏီဆို မရှီကထောင် ရုံးဆိုက်တခုပဲ စစ်တာ ငါးဆယ်ကျော် ပိုးတွေ့တယ်။ ကျန်တဲ့ မနဆိုက်တို့ တခြားဆိုက်တွေ မစစ်ရသေးဘူး။ ကျန်တဲ့လူတွေလည်း ကူးမှာပါပဲ၊ ကိုယ်ခံအားကောင်းလို့ မတွေ့သေးတာပဲရှိတာ၊ ဒီလောက်ပူးကပ်ပြီး အတူတူစား အတူတူအိပ်တာပဲလေ။"
ဖားကန့်ရတနာနယ်မြေရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေက ဝန်ထမ်းအများစုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပေမဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းခွင်တွေမှာ ဆက်ပြီး အလုပ်ခိုင်းစေနေတယ်လို့ YTT တောင်ကုန်းနဲ့ ဖားပြင်ကျေးရွာနောက်ကျောရှိ တရားမဝင်ကျောက်စိမ်းတူရေးလုပ်ငန်းမှာ ဘက်ဟိုးမောင်းနေတဲ့ ကိုဇော်လင်းထွန်း (အမည်ပြောင်း) က ပြောပါတယ်။
"ကျနော်တို့ကုမ္ပဏီက ပထမတခါပဲ စစ်တယ်။ ပိုးတွေ့များရင် Q ဝင်ခိုင်းရတာ၊ ထိစပ်တွေပါ အလုပ်နားခိုင်းရရင် အလုပ်ပျက်မှာစိုးတော့ ထပ်မစစ်ပဲ အလုပ်ဆက်ခိုင်းတာဗျ"
ဖားကန့်ရတနာနယ်မြေမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ရာနဲ့ချီ နေရာအနှံ့ဖြစ်ပေါ်နေပြီး ရောဂါ နဲ့ နေ့စဉ်သေဆုံးနေသူတွေလည်း ရှိနေပါတယ်။
ဖားကန့်ရတနာနယ်မြေရှိ ကျောက်စိမ်းလုပ်ကွက်အားလုံးဟာ လိုင်စင်သက်တမ်း ကုန်ဆုံးပြီဖြစ်ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုမ္ပဏီအချို့နဲ့ ရေမဆေးလုပ်ငန်းရှင်အချို့ဟာ အာဏာသိမ်းစစ်ကောင်စီ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့နဲ့ ပူးပေါင်းပြီး တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ ။
အဲဒီလို တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ကုမ္ပဏီဝန်ထမ်းတွေကို ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ ခိုင်းစေတူးဖော်နေတာဖြစ်ပါတယ်။