close

ကိုဗစ်၁၉

close

July 14, 2022

ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်အခြေအနေတွင် ဆက်ရှိနေဆဲဟု WHO ပြော

ကိုဗစ်-၁၉ ကပ်ရောဂါဟာ ပထမဆုံး ကြေညာအပြီး ၂ နှစ်ခွဲနီးပါး ကြာနေပေမဲ့ ကမ္ဘာ့ အရေးပေါ်အခြေအနေအဆင့်မှာ ဆက်ရှိနေတုန်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဇူလိုင် ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

လွတ်လပ်တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရေးပေါ်ကော်မတီက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ကူးဆက်နှုန်း တိုးလာတာ၊ ဗိုင်းရပ်စ်ပိုးက ဗီဇတွေ ဆက်ပြောင်းပြီး ဗီဇမျိုးစိတ်အသစ်တွေ ထပ်ထွက်လာနေတာနဲ့ နိုင်ငံတွေမှာ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ ဖိအားပိနေတာတွေက အခြေအနေဟာ အရေးပေါ်အဆင့်မှာ ရှိနေတုန်းပဲဆိုတာ ပြနေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

ကာကွယ်ဆေးကြောင့် အများစုဖြစ်တဲ့ လူထုရဲ့ ရောဂါပြီးစနစ် မြင့်တက်လာပေမဲ့ ကျန်ခဲ့တဲ့ ရက်တွေအတွင်း ကူးစက်ခံဦးရေ ၃၀ ရာခိုင်နှုန်း  ပိုတိုးနေတာကို WHO ဆီမှာ အစီရင်ခံထားကြပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေး ပြီးဆုံးဖို့ အချိန်မနီးသေးဘူးလို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တေဒရို့စ် အဒ်ဒါနွန် ဂေဘရီယေးဆပ်က ကြေညာချက်ထုတ်အပြီး ရုပ်သံသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

WHO ဟာ ၂၀၂၀ ဇန်နဝါရီ ၃၀ တုန်းက ကိုဗစ်-၁၉ ကပ်ဘေးအတွက် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အမြင့်ဆုံးအဆင့် တပ်လှန့် သတိပေးချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး နိုင်ငံတကာ ဆောင်ရွက်ချက်တွေ၊ ရန်ပုံငွေတွေနဲ့ သုတေသနတွေကို အရှိန်မြှင့်ရာမှာ ကူညီနိုင်ခဲ့ပါတယ်။

နိုင်ငံပေါင်း ၆၃ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံဦးရေ ၉,၂၀၀ အထိ ရှိနေကြောင်း အစီရင်ခံထားလို့ အရေးပေါ်ကော်မတီဟာ လာမယ့်သီတင်းပတ်မှာ ပြန်ပြီး အစည်းအဝေး လုပ်မယ်လို့လည်း တေဒရို့စ်က ပြောခဲ့ပါတယ်။

1 hour Ago

May 13, 2022

အမေရိကန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၁ သန်းရှိလာ

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁ သန်း ရှိသွားပြီလို့ ရိုက်တာသတင်းဌာနရဲ့ မှတ်တမ်းတွေမှာ ဖော်ပြနေပါတယ်။

ပထမဆုံး ကိုဗစ်-၁၉ ရောဂါကို တွေ့ရှိခဲ့ပြီး ၂ နှစ်ဝန်းကျင်အတွင်းမှာ သေဆုံးသူဦးရေ ၁ သန်းအထိ ရှိလာတာဟာ တချိန်တုန်းက မျှော်လင့်မထားတဲ့ အရေအတွက် ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဒီကိန်းဂဏန်းအရ ကိုဗစ်-၁၉ ကြောင့် အမေရိကန် ၃၂၇ ယောက်တိုင်းမှာ ၁ ယောက် သေဆုံးသွားရတဲ့သဘောလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးအဖြစ် စတင်ကြေညာတဲ့ ၂၀၂၀ မတ်လ ၁၁ ရက်အထိ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၆ ယောက်ပဲ ရှိခဲ့တာပါ။

နောက်ပိုင်းလတွေမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ တောမီးလို ပျံ့နှံ့ခဲ့ပြီး နယူးယော့ခ်စီးတီးလို လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာ ကူးစက်မှုနှုန်း အလွန်မြင့်မားလာခဲ့ပါတယ်။

၂၀၂၀ ဇွန်လမှာ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေဟာ ပထမကမ္ဘာစစ်တုန်းက သေဆုံးသွားခဲ့ရတဲ့ စစ်သည်ဦးရေထက် ပိုများခဲ့ပြီး ၂၀၂၁ ဇန်နဝါရီအရောက်မှာ သေဆုံးသူ ၄၀၅,၀၀၀ အထိ ရှိလာခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။

၂၀၂၀ နှစ်ကုန်ပိုင်းက စလို့ အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေး စထိုးပေးခဲ့ပြီး အခုချိန်မှာတော့ အမေရိကန် သန်းပေါင်းမျာစွာဟာ ကာကွယ်ဆေး ထိုးထားကြပါပြီ။ ဒီကြားထဲမှာပဲ ၂၀၂၁ နှစ်ဆန်းပိုင်းအရောက်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေဟာ သန်းတဝက်အထိ ရောက်လာပါတယ်။

အဲဒီနှစ်ရဲ့ ဇန်နဝါရီလမှာ ကိုဗစ်-၁၉ ကြောင့် တရက်တည်း သေဆုံးတဲ့ အရေအတွက်ဟာ တချို့ရက်တွေမှာ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ လူဦးရေထက် ပိုများခဲ့ပါတယ်။

ကိုဗစ်-၁၉ ဟာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးချူချာတဲ့ သူတွေရဲ့ အသက်ကို အန္တရာယ်ပေးသလိုပဲ လူငယ်လူရွယ်တွေကိုလည်း အလွတ်မပေးခဲ့ပါဘူး။ အမေရိကန် ကလေးငယ် ၁,၀၀၀ ဟာလည်း ဒီကပ်ဘေးအတွင်းမှာပဲ အသက်ဆုံးပါးသွားခဲ့ရပါတယ်။

လေ့လာချက်အရ အခုဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ကပ်ဘေးအတွင်း ကလေး နှစ်သိန်းတသောင်းကျော်ဟာ မိမစုံ ဖမစုံ၊ ဒါမဟုတ် အုပ်ထိန်းသူမဲ့တဲ့ အဖြစ်မျိုး ရောက်သွားရတယ်လို့ ဆိုပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ နိုင်ငံထဲမှာ ကိုဗစ်-၁၉ ကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့ ၂၀၂၁ ဇန်နဝါရီမှာ ရာထူးလက်ခံတာဖြစ်လို့ လူပေါင်း ၆ သိန်းကျော်ဟာ သူ့လက်ထက်ရောက်မှာ သေဆုံးသွားတယ်လို့ ဆိုနိုင်ပါတယ်။

မေ ၁၁ ရက်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တသန်းကျော်သွားပြီလို့ တရားဝင် မှတ်တမ်းတွေမှာ ဖော်ပြပေမဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမခံရခင်မှာ သေဆုံးသွားတဲ့ အရေအတွက် ဘယ်လောက်ရှိခဲ့လဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

မေ ၁၂ ရက်ကတော့ ကိုဗစ်-၁၉ ကပ်ဘေးအတွင်း သေဆုံးသွားသူတွေနဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ဦးဆောင်ပြီး လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ ငြိမ်သက်ဆုတောင်းတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ကြပါတယ်။

2 months Ago

ကိုဗစ်-၁၉ တိုက်ဖျက်ရေး မြောက်ကိုရီးယားကို ကူညီရန် အသင့်ဟု တရုတ်ပြော

မြောက်ကိုရီးယားနိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရာမှာ တရုတ်က အစွမ်းကုန်ကူညီဖို့ အသင့်ပဲလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက မေ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်နဲ့ နယ်နိမိတ်အရှည်ကြီး ထိစပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို မေ ၁၂ ရက်က အတည်ပြုအပြီးမှာ ခုလို ကြေညာချက် ထွက်လာတာပါ။

ဆေးဝါးအရင်းအမြစ် ကင်းမဲ့ပြီး ကာကွယ်ဆေးအတွက် နိုင်ငံတကာ အကူအညီကို ငြင်းခဲ့တဲ့အပြင် နယ်စပ်တွေကို ပိတ်ထားခဲ့တဲ့ မြောက်ကိုရီးယား အစိုးရကတော့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့ကန့်သတ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ လူအများအပြားက သံသယဖြစ်စရာကောင်းတဲ့ တုပ်ကွေးလက္ခဏာတွေ ရှိနေခဲ့လို့ မေ ၁၀ ရက်ကစပြီး ပြည်သူတွေ အိမ်ထဲမှာပဲ နေကြဖို့ လိုအပ်ကြောင်း တရုတ်အစိုးရ ရုပ်သံက မေ ၁၂ ရက် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဧပြီလတုန်းကလည်း တရုတ်နိုင်ငံ ဒန်ဒေါင်နဲ့ မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ဆင်းအျူးဂျွန်းမြို့တို့ကြား နယ်စပ်ဖြတ်ကူးရေးစခန်းကို တရုတ်မြို့ထဲက ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပိတ်ထားခဲ့ရပါတယ်။

2 months Ago

ပေကျင်းတွင် လော့ဒေါင်းချမည့် ကောလာဟလကြောင့် ဈေးအလုအယက်ဝယ်

တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ ကိုဗစ်ကူးစက်မှုကြောင့် လော့ဒေါင်းစည်းကမ်းတွေ ပြန်ချမှတ်မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် မြို့ခံတွေဟာ ဈေးဝယ်ကုန်တိုက်တွေမှာ အလုအယက် ဈေးဝယ်နေကြပါတယ်။

နေ့စဉ် ကိုဗစ်-၁၉ ရောဂါသည် ဆယ်ဂဏန်းလောက် ပုံမှန်ကူးစက်နေပေမဲ့ ပေကျင်းမြို့ခံတွေက ရှန်ဟိုင်းပုံစံမျိုး လော့ဒေါင်းနဲ့ ပိတ်မိမှာကို စိုးရိမ်နေကြတာပါ။

တာဝန်ရှိသူတွေဘက်က လော့ဒေါင်းချမယ်ဆိုတာ ကောလာဟလတွေပါလို့ ပြောနေတဲ့ကြားက မေ ၁၂ ရက်က စူပါမားကက်တွေမှာ လူတွေ အလုအယက် ဈေးဝယ်နေတာကို တွေ့ရပါတယ်။

လောလောဆယ်မှာ ပြည်သူတွေ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြဖို့၊ မြို့ရဲ့ အစိတ်အပိုင်း အတော်များများမှာ ကိုဗစ် စမ်းသပ်ရှာဖွေမှုတွေကို လုပ်သွားမယ့်အကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

2 months Ago
Up