အမေရိကန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၁ သန်းရှိလာ

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁ သန်း ရှိသွားပြီလို့ ရိုက်တာသတင်းဌာနရဲ့ မှတ်တမ်းတွေမှာ ဖော်ပြနေပါတယ်။
ပထမဆုံး ကိုဗစ်-၁၉ ရောဂါကို တွေ့ရှိခဲ့ပြီး ၂ နှစ်ဝန်းကျင်အတွင်းမှာ သေဆုံးသူဦးရေ ၁ သန်းအထိ ရှိလာတာဟာ တချိန်တုန်းက မျှော်လင့်မထားတဲ့ အရေအတွက် ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
ဒီကိန်းဂဏန်းအရ ကိုဗစ်-၁၉ ကြောင့် အမေရိကန် ၃၂၇ ယောက်တိုင်းမှာ ၁ ယောက် သေဆုံးသွားရတဲ့သဘောလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးအဖြစ် စတင်ကြေညာတဲ့ ၂၀၂၀ မတ်လ ၁၁ ရက်အထိ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၆ ယောက်ပဲ ရှိခဲ့တာပါ။
နောက်ပိုင်းလတွေမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ တောမီးလို ပျံ့နှံ့ခဲ့ပြီး နယူးယော့ခ်စီးတီးလို လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာ ကူးစက်မှုနှုန်း အလွန်မြင့်မားလာခဲ့ပါတယ်။
၂၀၂၀ ဇွန်လမှာ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေဟာ ပထမကမ္ဘာစစ်တုန်းက သေဆုံးသွားခဲ့ရတဲ့ စစ်သည်ဦးရေထက် ပိုများခဲ့ပြီး ၂၀၂၁ ဇန်နဝါရီအရောက်မှာ သေဆုံးသူ ၄၀၅,၀၀၀ အထိ ရှိလာခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။
၂၀၂၀ နှစ်ကုန်ပိုင်းက စလို့ အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေး စထိုးပေးခဲ့ပြီး အခုချိန်မှာတော့ အမေရိကန် သန်းပေါင်းမျာစွာဟာ ကာကွယ်ဆေး ထိုးထားကြပါပြီ။ ဒီကြားထဲမှာပဲ ၂၀၂၁ နှစ်ဆန်းပိုင်းအရောက်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေဟာ သန်းတဝက်အထိ ရောက်လာပါတယ်။
အဲဒီနှစ်ရဲ့ ဇန်နဝါရီလမှာ ကိုဗစ်-၁၉ ကြောင့် တရက်တည်း သေဆုံးတဲ့ အရေအတွက်ဟာ တချို့ရက်တွေမှာ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ လူဦးရေထက် ပိုများခဲ့ပါတယ်။
ကိုဗစ်-၁၉ ဟာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးချူချာတဲ့ သူတွေရဲ့ အသက်ကို အန္တရာယ်ပေးသလိုပဲ လူငယ်လူရွယ်တွေကိုလည်း အလွတ်မပေးခဲ့ပါဘူး။ အမေရိကန် ကလေးငယ် ၁,၀၀၀ ဟာလည်း ဒီကပ်ဘေးအတွင်းမှာပဲ အသက်ဆုံးပါးသွားခဲ့ရပါတယ်။
လေ့လာချက်အရ အခုဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ကပ်ဘေးအတွင်း ကလေး နှစ်သိန်းတသောင်းကျော်ဟာ မိမစုံ ဖမစုံ၊ ဒါမဟုတ် အုပ်ထိန်းသူမဲ့တဲ့ အဖြစ်မျိုး ရောက်သွားရတယ်လို့ ဆိုပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ဟာ နိုင်ငံထဲမှာ ကိုဗစ်-၁၉ ကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့ ၂၀၂၁ ဇန်နဝါရီမှာ ရာထူးလက်ခံတာဖြစ်လို့ လူပေါင်း ၆ သိန်းကျော်ဟာ သူ့လက်ထက်ရောက်မှာ သေဆုံးသွားတယ်လို့ ဆိုနိုင်ပါတယ်။
မေ ၁၁ ရက်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တသန်းကျော်သွားပြီလို့ တရားဝင် မှတ်တမ်းတွေမှာ ဖော်ပြပေမဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမခံရခင်မှာ သေဆုံးသွားတဲ့ အရေအတွက် ဘယ်လောက်ရှိခဲ့လဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။
မေ ၁၂ ရက်ကတော့ ကိုဗစ်-၁၉ ကပ်ဘေးအတွင်း သေဆုံးသွားသူတွေနဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ဦးဆောင်ပြီး လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ ငြိမ်သက်ဆုတောင်းတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ကြပါတယ်။