မန်စီးတီးအသင်းမှာ နည်းပြဂွာဒီယိုလာအပါအဝင် အသင်းသား ၂၁ ဦးအထိ ကိုဗစ်ကူးစက်ခံထား ရတယ်လို့ အသင်းကအတည်ပြုသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ စနေနေ့မှာကစားမယ့် ဆွင်ဒင် တောင်းအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ကိုဗစ်ပိုးစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ရာမှာ အသင်းသား ၂၁ ဦးမှာ ပိုးတွေ့ရှိခဲ့တာပါ။
ပိုးတွေ့ရှိခဲ့တဲ့ ၂၁ ဦးမှာ ကစားသမား ၇ ဦးပါဝင်ပြီး နည်းပြဂွာဒီယိုလာနဲ့ လက်ထောက်နည်းပြ ဟွမ်မာလီရယ်တို့လည်း ကူးစက်ခံရပါတယ်။
တခြား ၁၂ ဦးကတော့ အသင်းဝန်ထမ်း တွေဖြစ်ကြပြီး ၂၁ ဦးစလုံး သီးသန့်နေထိုင်နေတယ်လို့ မန်စီးတီးက တရားဝင် သတင်းထုတ်ပြန်ပါတယ်။
မန်စီးတီးအသင်းဟာ ကစားသမား ၇ ဦး ကိုဗစ်ကူးစက်ခံထားရပေမယ့် ဆွင်ဒမ်တောင်းအသင်းနဲ့ ပွဲစဉ်ကို လက်ထောက်နည်းပြဘော်ရီယယ်က တာဝန်ယူကာ ဆက်ပြီး ယှဉ်ပြိုင်ကစား သွားမှာဖြစ်ပါတယ်။
ကူးစက်ခံရတဲ့ ကစားသမား ၇ ဦးကို အသင်းဘက်က မဖော်ပြခဲ့ပေမဲ့ ဖိုဒန်နဲ့ ဇင်ချန်ကိုတို့ ပါဝင်တယ်လို့သိရပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မတ္တရာမြို့ရှိ ဇေယျာသနကျောင်းတိုက်မှာ သံဃာတော် ၂၆ ပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ လူမှုကူညီရေးအသင်း ကနေ သိရပါတယ်။
ခရီးသွားလာရာကနေ တစ်ဆင့် ရောဂါကူးစက်တာ ဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်အထိ ထိစပ်သူ ၆၇ ဦးကို စစ်ဆေးရာ သံဃာ ၂၆ ပါး မှာ ရောဂါတွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ကူးစက်ခံရသူတွေက သံဃာတော်တွေ။ အခုတော့ ကျောင်းတိုက်ကို အသွားအလာကန့်သတ်ထားတယ်။ မြို့နယ် ကျန်းမာရေးအဖွဲ့ကတော့ ဘာမှ ညွှန်ကြားတာမရှိဘူး။” လို့ မတ္တရာမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
အခုရက်ပိုင်းအတွင် နေရာတော်တော်များများမှာ ကိုဗစ်ရောဂါဖြစ်ပွါးမှု ပြန်လည်တိုးနေပြီး သေဆုံးတာတွေလည်း ရှိနေပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့က မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ ကုသဆောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး တက်ရောက် ဆေးကုသမှုခံယူနေသူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။