စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာမှာ မြို့နယ်ဌာနပေါင်းစုံ ပူးပေါင်းဖွင့်တဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်က ပိုး ရှိ၊မရှိ Test kits နဲ့ အမြန် စစ်ဆေးကာ ငွေအဆမတန် တောင်းခံနေ တယ်လို့ နတ်နန်းရွာသားတွေက ပြောပါတယ်။
“နတ်နန်းရွာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ နှာခေါင်းတို့ဖတ်၊ ၊Test Kits နဲ့အစစ်ခံရ တယ်။ မစစ်ချင်လည်း အတင်းအကျပ် စစ်ခိုင်းတယ်။ ခရီးသွားတွေ မစစ်ချင်တာက တစ်ခါစစ် ၂ သောင်းခွဲ တောင်းတာကြောင့်” လို့ နတ်နန်းဂိတ်မှာ အစစ်ခံပြီး ငွေပေးဆောင်ခဲ့ရတဲ့သူ တစ်ဦးကပြောပါတယ်။
လတ်တလော နတ်နန်းဂိတ်ကို ရှောင်သွားလို့ မရတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေပြီး ဂိတ်က ဖြတ်သန်းသွားလာသူတွေ ဆေးစစ်ချင်ချင် မစစ်ချင်ချင် တစ်ယောက် ကျပ် ၂ သောင်းခွဲပေးရကြောင်း၊ ရွာနားက ဆိုင်းကယ်သမားတွေဆိုလည်း ထောက်ချက် မပါပါက ဒဏ်ငွေ ကျပ် ၅၀၀၀ ဆောင်ခိုင်းတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလိုကာယကံရှင် ဆန္ဒမပါဘဲ အတင်းအကျပ်ပြုလုပ်နေတဲ့ နတ်နန်းရွာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ နတ်နန်းစျေးတန်း၊ ပင်းဖာဖာ၊ မှိုတောက်၊ ဝေဟင်ကကျေးရွာတွေက ဒေသခံတွေ လာရောက် စောင့်ပေးကြရပြီး ဂိတ်မစောင့်နိုင်တဲ့ မိသားစုကိုလည်း မြို့နယ်တာဝန်ရှိ သူတွေက ဒဏ်ကြေးဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း မြို့ ၅ မြို့ အဝင်တွေမှာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ၅ ခုကို ပြန်ဖွင့်လှစ် စစ်ဆေးသွားမယ်လို့ စစ်ကောင်စီက ဇွန်လ ၁၉ ရက်က ထုတ်ပြန်ပါတယ်။
ကြံခင်းမြို့ရှိ အုတ်ပုံဂိတ်၊ ညောင်တုန်းမြို့ရှိ မဲဇလီဂိတ်၊ မအူပင်မြို့ရှိ ခတ္တိယဂိတ်၊ ရေကြည်မြို့ရှိ ရေနံဂိတ်၊ ဒေးဒရဲမြို့ဂိတ်တို့မှာ ကိုဗစ်-၁၉ စစ်ဆေးရေး လုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းကို လာရောက်မယ့် ဘယ်သူမဆို အပူချိန်တိုင်းတာ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာနဲ့ ခရီးသွားရာဇဝင်တွေ၊ အမည်နဲ့ ဖုန်းနံပါတ်တွေကို စာရင်းပေးသွင်းရမယ်လို့လည်း သိရပါတယ်။
သွေးတွင်းအောက်ဆီဂျင် တိုင်းတာမှုမှာ ၉၂ ရာခိုင်နှုန်းအောက် ကျဆင်းနေသူတွေကို Rapid Test Kit နဲ့ စစ်ဆေးသွားပြီး ကုန်ကျစရိတ်ကို ပြည်သူက ပေးချေရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Stay at Home မြို့နယ်တွေက လာရောက်သူတွေကိုတော့ Facility Quarantine ၁၀ ရက် ထားရှိမှာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ ဇန်နဝါရီ ၃၁ ရက်နေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၈၄၇ ဦးရှိပြီး ၊ သေဆုံးသူ အယောက် ၆၀ ရှိနေပြီဖြစ်ပါတယ်။