ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး လီယိုနယ်မက်ဆီဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ နေရတယ်လို့ အသင်းတာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။
မက်ဆီနဲ့ အတူ ကစားဖော် ပီအက်စ်ဂျီအသင်းသား ၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတာပြီး သူတို့ ၄ ယောက်စလုံးကို သီးသန့်စီ ခွဲနေခိုင်းထားတယ်လို့လည်းဆိုပါတယ်။
လတ်တလော မက်ဆီဟာ ဆောင်းရာသီအားလပ်ရက် အာဂျင်တီးနားနိုင်ငံမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး ရောဂါစစ်ဆေးလို့ မပျောက်မချင်း ခရီးထွက်မှာ မဟုတ်ဘူးလို့လည်း ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။
မက်ဆီကတော့ အနာဂတ်မှာ အမေရိကန်မေဂျာလိဂ်ဆီကို ပြောင်းရွှေ့ကစားနိုင်တယ်လို့ ပြောထားပါတယ်။
ကစားသမားဘဝကနေ အနားမယူခင်ကာလ မေဂျာလိဂ်မှာ ဘယ်လိုအတွေ့အကြုံ၊ အဆင့်အတန်းမျိုးရှိသလဲဆိုတာ လေ့လာချင်သေးပြီး အပြောင်းရွှေ့ဖြစ်မလားဆိုတာကတော့ မသိနိုင်ကြောင်း မက်ဆီက Mirror သတင်းစာကို ပြောပါတယ်။
“ကျနော့်ကစားသမားဘဝနောက်ပိုင်းကာလမှာ ပြောင်းရွှေ့ကစားချင်တယ်။ ဒါပေမဲ့ ဒါက ဖြစ်လာမလား၊ မလာဘူးလားဆိုတာကတော့ ကျနော်လည်း မသိပါဘူး” လို့ မက်ဆီကပြောပါတယ်။
မက်ဆီဟာ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်း၊ မန်စီးတီးအသင်းနဲ့ မွေးရပ်မြေကလပ် နယူးဝဲလ်အိုးဘွိုင်းအသင်းတွေဆီ ပြောင်းရွှေ့ကစားနိုင်တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။
ကချင်ပြည်နယ်၊ ပူတာအို နမ်ဟော့အကျဉ်းထောင်မှာ အကျဉ်းဦးစီး၀န်ထမ်း ၂၅ ယောက်ကို စက်တင်ဘာ ၃၀ ရက်က ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးရာ ၂၂ ယောက်ကိုဗစ် positive ဖြစ်နေတယ်လို့ ပူတာအိုကျန်းမာရေးဌာနက သိရပါတယ်။
ပူတာအိုကျန်းမာရေး၀န်ထမ်း အသိုင်းဝိုင်းနဲ့နီးစပ်သူ တစ်ဦးက "အကျဉ်းဦးစီး ၀န်ထမ်းတွေ ဖျားနာနေတယ်ဆိုလို့ ကိုဗစ်ကူးစက်ခံရ မခံရသွား စစ်ဆေး လိုက်တာ၊ ၀န်ထမ်း ၂၅ ဦးကို စစ်လိုက်တော့ ၂၂ ဦးမှာ positiveတွေ့တယ်။ အကျဉ်းထောင်တစ်ခုလုံး နီးပါး ကူးစက်ခံရတာလားဆိုတာ အမြန်ဆုံးစစ်ဆေးဖို့ လုပ်နေတယ်"လို့ ပြောပါတယ်။
ပူတာအိုအကျဉ်းထောင်မှာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်အဖွဲ့က ဖမ်းဆီးခံ လူငယ်တချို့နဲ့ နောင်မွန် ဓမ္မဆရာ ၃ ပါးတို့ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ပူတာအိုမှာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းက ကြိုးစားနေကြတဲ့ ပရဟိတအသင်းအဖွဲ့တွေထဲက အသင်း၀င်တချို့ ကိုဗစ်ကူးစက်ခံနေရတဲ့အတွက် လုပ်ငန်းတာ၀န်တွေ ရပ်နားထားရပါတယ်။