တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာန (GACC) က အမဲသားတင်ပို့တဲ့ ဘရာဇီးကုမ္ပဏီ ၃ ခုကို တရုတ်နိုင်ငံထဲ တင်သွင်းခွင့် သီတင်းပတ်တပတ်ကြာ ဆိုင်းငံ့ထားတယ်လို့ တရုတ်မြို့တော် ပေကျင်းက ဘရာဇီးသံရုံးဆီ ကြေညာချက်ပေးပို့ထားပါတယ်။
ဆိုင်းငံ့ခံထားရတဲ့ JBS SA JBSS3.SA ၊ မာဖရစ်ချ် MRFG3.SA နဲ့ နာတူရာဖရစ်ချ် ကုမ္ပဏီတွေကနေ တရုတ်နိုင်ငံဆီကို တင်ပို့တဲ့ အေးခဲထုတ်ကုန် လေးသုတ်ရဲ့ ပြင်ပ အထုပ်အပိုးတွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်အသစ်ရဲ့ နျူကလီယိုင်အက်စစ်တွေ ရှိနေတာကို နည်းပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် လာမယ့်စနေနေ့က စပြီး မာတိုဂရက်စ်ကိုနဲ့ ဆောင်ပါလိုမြို့တွေက စက်ရုံ ၄ ရုံ ထိခိုက်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီ ၃ ခုက စက်ရုံတွေအပေါ် သက်ရောက်ခဲ့ပေမယ့် ကုမ္ပဏီတွေကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အကြောင်းမပြန်သေးပါဘူး။
အရင်သီတင်းပတ်ကလည်း (GACC) ဟာ ဘရာဇီး အမဲသား စက်ရုံ ၂ ခုနဲ့ ဝက်သား ထုတ်လုပ်သူ တဦးဆီက တင်သွင်းကုန်တွေကို ဧပြီ ၈ ရက်ကစပြီး သီတင်းပတ် တပတ် ဆိုင်းငံ့ခဲ့ပါသေးတယ်။
အိုမီခရွန်လို့ နာမည်ပေးထားတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်မျိုးကွဲ အသစ်အန္တရာယ်ကြောင့် အမေရိကန်နိုင်ငံဟာ နိုင်ငံ ၈ နိုင်ငံကို ခရီးသွားလာမှု ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။
ဗိုင်းရပ်စ်ကုတ်နံပတ် (B.1.1.529) နိုဗယ်ကိုရိုနာဗိုင်းရပ်အသစ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အမေရိကန်ဟာ တောင်အာဖရိကနဲ့ တခြားနိုင်ငံခုနစ်နိုင်ငံကို တနင်္လာနေ့မှ စတင်ကာ ခရီးသွားလာခွင့် ကန့်သတ်ချက် ချမှတ်မှာဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို အိုမီခရွန်လို့ နာမည်ပေးခဲ့ပြီး သူ့ကို စိုးရိမ်စရာ မျိုးကွဲလို့ သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လက်ရှိကာလဟာ ကျေးဇူးတော်နေ့အားလပ်ရက်ဖြစ်လို့ မိသားစုတွေ ပြန်လည်ဆုံဆည်းကြဖို့ အပြေးအလွှား ခရီးသွားတာတွေနဲ့ များပြားလှတဲ့ စုဝေးပွဲတွေ ရှိနေတဲ့ ကာလ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ခရီးထွက်ကြတဲ့ အမေရိကန်နိုင်ငံသား ၂ ဒသမ ၃၁ သန်း ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက အများဆုံး ခရီးထွက်တာပဲလု့ သယ်ယူပို့ဆောင်ရေး လုံခြုံရေး စီမံကွပ်ကဲမှုအရ သိရပါတယ်။
တချို့ဒေသတွေမှာ ကာကွယ်ဆေး ထိုးနှုန်းနိမ့်ကျတာကြောင့် အသစ်ကူးစက်ခံ အတည်ပြု လူနာအရေအတွက်ဟာ အမေရိကန်မှာ တခါ ပြန်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကြာသပတေးနေ့အထိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၇ ရက်အတွင်း နေ့စဉ်အတည်ပြုလူနာ ၉၄၀၀၀ အထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ လထက် ၄၇ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ခုချိန်ထိတော့ အမေရိကန်မှာ အိုမီခရွန် ကူးစက်မှု မရှိသေးဘူးလို့ (CDC) က ထုတ်ပြန်ထားပါတယ်။