“အိုမီခရွန်” ကိုရိုနာဗိုင်းရပ်အသစ်ကြောင့် အမေရိကန်က နိုင်ငံ ၈ နိုင်ငံကို ခရီးသွားလာမှုကန့်သတ်

အိုမီခရွန်လို့ နာမည်ပေးထားတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်မျိုးကွဲ အသစ်အန္တရာယ်ကြောင့် အမေရိကန်နိုင်ငံဟာ နိုင်ငံ ၈ နိုင်ငံကို ခရီးသွားလာမှု ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။
ဗိုင်းရပ်စ်ကုတ်နံပတ် (B.1.1.529) နိုဗယ်ကိုရိုနာဗိုင်းရပ်အသစ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အမေရိကန်ဟာ တောင်အာဖရိကနဲ့ တခြားနိုင်ငံခုနစ်နိုင်ငံကို တနင်္လာနေ့မှ စတင်ကာ ခရီးသွားလာခွင့် ကန့်သတ်ချက် ချမှတ်မှာဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို အိုမီခရွန်လို့ နာမည်ပေးခဲ့ပြီး သူ့ကို စိုးရိမ်စရာ မျိုးကွဲလို့ သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လက်ရှိကာလဟာ ကျေးဇူးတော်နေ့အားလပ်ရက်ဖြစ်လို့ မိသားစုတွေ ပြန်လည်ဆုံဆည်းကြဖို့ အပြေးအလွှား ခရီးသွားတာတွေနဲ့ များပြားလှတဲ့ စုဝေးပွဲတွေ ရှိနေတဲ့ ကာလ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ခရီးထွက်ကြတဲ့ အမေရိကန်နိုင်ငံသား ၂ ဒသမ ၃၁ သန်း ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက အများဆုံး ခရီးထွက်တာပဲလု့ သယ်ယူပို့ဆောင်ရေး လုံခြုံရေး စီမံကွပ်ကဲမှုအရ သိရပါတယ်။
တချို့ဒေသတွေမှာ ကာကွယ်ဆေး ထိုးနှုန်းနိမ့်ကျတာကြောင့် အသစ်ကူးစက်ခံ အတည်ပြု လူနာအရေအတွက်ဟာ အမေရိကန်မှာ တခါ ပြန်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကြာသပတေးနေ့အထိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၇ ရက်အတွင်း နေ့စဉ်အတည်ပြုလူနာ ၉၄၀၀၀ အထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ လထက် ၄၇ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ခုချိန်ထိတော့ အမေရိကန်မှာ အိုမီခရွန် ကူးစက်မှု မရှိသေးဘူးလို့ (CDC) က ထုတ်ပြန်ထားပါတယ်။