close

ကိုသက်နှင်းအောင်

close

December 5, 2022

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ချမှတ်ခံရ

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို ပေါင်မြို့နယ် အထူးတရားရုံးက ဒီဇင်ဘာ ၅ ရက် ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ကျပ် ၂၀,၀၀၀ ချလိုက်တယ်လို့ သူနဲ့နီးစပ်သူတွေက အတည်ပြု ပြောပါတယ်။

ကိုသက်နှင်းအောင်ကို စစ်ကောင်စီက ၂၀၂၁ နှစ်လယ်ပိုင်းမှာ ဖမ်းဆီးပြီး ဒီနေ့မှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲဆို ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။

ကိုသက်နှင်းအောင်နဲ့ ရင်းနှီးသူတဦးက “ပြစ်ဒဏ်ချလိုက်တာ ဟုတ်ပါတယ်။ မတရားစွပ်စွဲချက်နဲ့ပါ။ တခြားပုဒ်မတွေ ရှိ၊ မရှိ မသိရသေးဘူး” လို့ ပြောပါတယ်။

ကိုသက်နှင်းအောင်ဟာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကြားထဲ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။

အဲဒီလို အလုပ်သမားအရေး လုပ်နေသူကို မတရားအသင်း ဆက်သွယ်မှုနဲ့ တရားစွဲ ထောင်ချတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ MICS-TUsF တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုသက်နှင်းအောင်က သူ့ကို အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် အယူခံတက်မှာ မဟုတ်ဘူးလို့ သတင်းစကားပါးထားကြောင်းလည်း သူကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဟာ အလုပ်သမားအရေးလှုပ်ရှားသူ ၂၀၀ လောက်ကို ဖမ်းဆီးထားပြီး အလုပ်သမားအဖွဲ့ချုပ်နဲ့ သမဂ္ဂတွေက ခေါင်းဆောင်တချို့ကို နိုင်ငံကူးလက်မှတ် ပယ်ဖျက်တာ၊ ဝရန်းထုတ်တာတွေ ပြုလုပ်ထားပါတယ်။

9 hours Ago

August 10, 2022

အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင် ကိုသက်နှင်းအောင်ကို ၁၇(၁) ပုဒ်မဖြင့် ရုံးထုတ်

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို ဩဂုတ် ၈ ရက်နေ့မှာ စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ပြီး စတင်ရုံးထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကိုသက်နှင်းအောင်ဟာ ပြီးခဲ့တဲ့နှစ်ဇွန်လမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရပြီး ဖမ်းဆီးချိန်ကစလို့ အဆက်သွယ်ပြတ်တောက်နေရာက အခုမှ အဆက်သွယ်ပြန်ရတာလို့ MICS-TUsF လက်ထောက်အတွင်းရေးမှူး ကိုနေလင်းအောင်က ပြောပါတယ်။

“အခု သူ့ကို တနင်္လာနေ့တိုင်း ရုံးထုတ်နေပြီလို့ သိရတယ်။ မိသားစုနဲ့တွေ့ခွင့်ရ၊ မရတော့ မသိသေးဘူး။ ကျန်းမာရေးလည်း ကောင်းတယ်လို့ သိရတယ်။”

ကိုသက်နှင်းအောင်ကို မူလက အင်းစိန်ထောင်မှာ ဖမ်းဆီးထားတာဖြစ်ပြီး အခု သထုံမြို့၊ စျေးမသွယ်အကျဥ်းထောင်ကို ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးလပိုင်းအကြာမှာ MICS-TUsF ရုံးကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကိုသက်နှင်းအောင်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို တိမ်းရှောင်နေရင်း နယ်စပ်တနေရာမှာ ဖမ်းမိတာဖြစ်ပြီး ဘာပြစ်မှုမှ ကျူးလွန်ထားတာ မရှိဘူးလို့ ကိုနေလင်းအောင်က ပြောပါတယ်။

“ပုဒ်မလျှောက်တပ်တာလို့ပဲ ယူဆတယ်။ ကိုသက်နှင်းအောင်က အလုပ်သမားအရေးပဲ လုပ်တာ။ လုပ်တာလည်း တရားဝင်အဖွဲ့အစည်းအနေနဲ့ လုပ်တာ။ အခု ဖမ်းဆီးပုဒ်မတပ်ထားတာ ယုတ္တိမရှိဘူး။ တခြားဘာပုဒ်မတွေ တပ်ထားသေးလဲဆိုတာတော့ မသိရသေးဘူး။”

လက်ရှိမှာ MICS-TUsF က ခေါင်းဆောင်တွေအပါအဝင် အခြားအလုပ်သမားအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ဝရမ်းထုတ်ထားတာကြောင့် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

4 months Ago
Up