close

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ချမှတ်ခံရ

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို ပေါင်မြို့နယ် အထူးတရားရုံးက ဒီဇင်ဘာ ၅ ရက် ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ကျပ် ၂၀,၀၀၀ ချလိုက်တယ်လို့ သူနဲ့နီးစပ်သူတွေက အတည်ပြု ပြောပါတယ်။

ကိုသက်နှင်းအောင်ကို စစ်ကောင်စီက ၂၀၂၁ နှစ်လယ်ပိုင်းမှာ ဖမ်းဆီးပြီး ဒီနေ့မှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲဆို ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။

ကိုသက်နှင်းအောင်နဲ့ ရင်းနှီးသူတဦးက “ပြစ်ဒဏ်ချလိုက်တာ ဟုတ်ပါတယ်။ မတရားစွပ်စွဲချက်နဲ့ပါ။ တခြားပုဒ်မတွေ ရှိ၊ မရှိ မသိရသေးဘူး” လို့ ပြောပါတယ်။

ကိုသက်နှင်းအောင်ဟာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကြားထဲ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။

အဲဒီလို အလုပ်သမားအရေး လုပ်နေသူကို မတရားအသင်း ဆက်သွယ်မှုနဲ့ တရားစွဲ ထောင်ချတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ MICS-TUsF တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုသက်နှင်းအောင်က သူ့ကို အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် အယူခံတက်မှာ မဟုတ်ဘူးလို့ သတင်းစကားပါးထားကြောင်းလည်း သူကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဟာ အလုပ်သမားအရေးလှုပ်ရှားသူ ၂၀၀ လောက်ကို ဖမ်းဆီးထားပြီး အလုပ်သမားအဖွဲ့ချုပ်နဲ့ သမဂ္ဂတွေက ခေါင်းဆောင်တချို့ကို နိုင်ငံကူးလက်မှတ် ပယ်ဖျက်တာ၊ ဝရန်းထုတ်တာတွေ ပြုလုပ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up