ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမ်းနားလမ်းမှာရှိတဲ့ ဈေးသည်တွေအနေနဲ့ စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေကြီးမြင့်လာတဲ့အပြင် ပြည်သူတွေအနေနဲ့လည်း အလုပ်ကိုင်တွေ ရှားပါးလာတာကြောင့် ဈေးရောင်းချမှုက အရင်ကထက် ရောင်းအား ထက်ဝက်ကျော် ကျဆင်းသွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
စစ်တပ် အာဏာမသိမ်းခင်ကာလ ကြက်သား တပိဿာကို ကျပ် ၆၀၀၀ သာရှိခဲ့ပြီး အခုခါမှာ တော့ ကျပ် ၁၀၀၀၀ အထိ မြင့်တက်လာသလို ရောင်းချရတဲ့အရေတွက်ကလည်း အရင်က တနေ့ကို အကောင် ၃၀ ကျော်ရောင်းချခဲ့ရပေမယ့် အခုခါမှာတော့ ၁၅ ကောင် ကုန်အောင် မနည်းရောင်းချ နေရတယ်လို့ ဆိုပါတယ်။
ကုန်စိမ်းရောင်းချတဲ့သူတွေအနေနဲ့လည်း ကုန်စိမ်းဈေးနှုန်းက အရင်ကထက် ၃ ဆလောက် မြင့်တက်သွားတာကြောင့် ဈေးဝယ်သူတွေကလည်း အရင်ကထက် လျှော့နည်းသွားတယ်လို့ ကုန်စိမ်းရောင်းချသူတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာကြောင့် အရင်ကလို မဝယ်နိုင်တော့ဘဲ ချွေတာပြီး ဝယ်ယူနေရတယ်လို့ ဘားအံမြို့က ဈေးဝယ်သူ တဦးက ပြော ပါတယ်။
ဘားအံမြို့ကမ်းနားလမ်းမှာရှိတဲ့ ညဈေးမှာ ဈေးဆိုင်ပေါင်း ၂၀၀ ကျော်ဖွင့်လှစ်ရောင်းချခဲ့ရာက အာဏာသိမ်းပြီးနောက်ပိုင်း ရောင်းချရမှု ထက်ဝက်ကျော်လောက် လျှော့ကျသွားတယ်လို့လည်း သိရပါတယ်။
မြန်မာပြည်တွင်း ကုန်ဈေးနှုန်းကြီးမြင့်နေတာကို သက်သာစေဖို့ နိုင်ငံခြားငွေကြေးဈေးကွက်ကတဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ထောက်ပံ့မယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
စက်သုံးဆီဈေးနှုန်းကြီးမြင့်လာလို့ အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာတာကို သက်သာစေဖို့အတွက်ကြောင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ကတဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ကို ထောက်ပံ့ပေးမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်တာပါ။
သန်း ၂၀၀ ထက် ဘယ်လောက်ပိုတယ်ဆိုတာ အတိအကျ ဖော်ပြထားတာမရှိသလို ဘယ်ကဏ္ဍကို ဘယ်လို ထောက်ပံ့မယ်ဆိုတာကိုလည်း အသေးစိတ် ဖော်ပြထားတာမရှိပါဘူး။
ဗဟိုဘဏ်ရဲ့ လက်ရှိသုံးနေတဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားတာဖြစ်ပေမယ့် သတင်းတိုတခုလိုရ ရေးသားထားတာဖြစ်ပြီး ဘယ်နေ့ဘယ်အချိန်မှာ စတင်မယ်ဆိုတာမျိုးလည်း မသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတွေကို ဗဟိုဘဏ်မှာ ဒုတိယညွှန်ကြားရေးမှူးရာထူးနဲ့ ပြီးခဲ့တဲ့ ဇွန်လကတာဝန်ပေးခန့်အပ်ထားပြီး မကြာခင်ရက်ပိုင်းကပဲ ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ရာထူးကနေဖယ်ရှားခဲ့ပါတယ်။
အဲဒီနောက် ဒေါ်လာဈေးအဆမတန်မြင့်တက်လာပြီး ဈေးကွက်ထဲမှာ ဝယ်မရအောင်ဖြစ်လာတဲ့ နောက်ပိုင်းအခုလို ထုတ်ပြန်လာတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးဟာ မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံးနှုန်းနဲ့ ဆက်တိုက်ကျဆင်းနေတာကြောင့် ဒေါ်လာနဲ့ ရွှေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာပြီး အခုလို ဈေးနှုန်းတွေ ထိုးတက်နေတာပါ။
မနေ့က အမေရိကန်တဒေါ်လာကို ကျပ်ငွေ ၃,၇၀၀ နဲ့ စျေးပိတ်ခဲ့ပြီး ဒီနေ့ ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်းမှာ ၄,၄၀၀ ကျပ်ထိ စံချိန်တင် မြင့်တက်နေပေမဲ့ အဝယ်သာရှိပြီး အရောင်းမရှိ ဖြစ်နေတယ်လို့လည်း စျေးကွက်အတွင်းက သိရပါတယ်။အလာားတူ ရွှေဈေးဟာလည်း ဒီနေ့ သြဂုတ် ၃၁ ရက် ညနေပိုင်းမှာ အခေါက်ရွှေ တကျပ်သားကို မြန်မာငွေ ၃၅ သိန်းထိ စံချိန်သစ် ထပ်တင်ခဲ့ပါတယ်။
Photo- Central Bank