တောင်ကိုရီးယားနိုင်ငံရဲ့ ကုန်တင်ယာဉ်မောင်းသူများညီညွတ်ရေးသမဂ္ဂက အဖွဲ့ဝင်တွေရဲ့ ၆၁ ဒသမ ၈ ရာခိုင်နှုန်းဟာ ဆန္ဒပြသပိတ်ကို ရုပ်သိမ်းပြီး အလုပ်ပြန်ဝင်ကြဖို့ ဒီဇင်ဘာ ၉ ရက်က မဲပေးခဲ့ကြပါတယ်။
သမဂ္ဂအနေနဲ့ကတော့ အနည်းဆုံးလုပ်ခလစာဆိုင်ရာ လှုပ်ရှားမှုကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။
ကုန်တင်ယာဉ်မောင်းသူတွေရဲ့ သပိတ်မှောက်မှု အချိန်သုံးပတ်ထဲ ရောက်လာတာနဲ့အမျှ လူထုထောက်ခံမှု လျော့သွားပြီး သမ္မတ ယွန်းဆွတ်ခ်ယိုးကလည်း လိုက်လျောဖို့ ငြင်းဆန်ခဲ့တာကြောင့် အနည်းဆုံး ကုန်စည်ပို့ဆောင်ခနှုန်းထားတွေအပေါ် အစိုးရရဲ့ စီမံချက်ကို ပိုကျယ်ပြန့်ပြီး တည်မြဲအောင်လုပ်ဖို့ သူတို့ရဲ့တောင်းဆိုမှုတွေဟာ မအောင်မြင်နိုင်ကြောင်း သဘောပေါက်ခဲ့ကြပါတယ်။
သမဂ္ဂအဖွဲ့ဝင် ၁၀၀ ကျော်ဟာ ဝီဝမ်မှာရှိတဲ့ သူတို့ရဲ့သပိတ်စခန်းမှာ ဆန္ဒပြဆောင်ပုဒ်တွေ ကြွေးကြော်ရင်း နေ့စဉ် စုရုံး တောင်းဆိုနေခဲ့ကြတာပါ။
တချို့ယာဉ်မောင်းတွေကတော့ မဲရလဒ်ကိုနားထောင်ရင်း သူတို့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်နေကြပါတယ်။
နောက်ဆုံးတော့ ယာဉ်မောင်းတွေဟာ သူတို့ရဲ့သမဂ္ဂအလံတွေကို ဖြုတ်သိမ်းပြီး သပိတ်စခန်းက တဲတွေကိုလည်း ရှင်းလင်းခဲ့ပါတယ်။
နိုဝင်ဘာ ၂၄ ရက်မှာ စတင်ခဲ့တဲ့ ဒီဆန္ဒပြသပိတ်မှာ ပါဝင်ဖို့ စီးပွားရေးလုပ်ငန်း တော်တော်များများက ပြင်ဆင်ထားခဲ့ကြပြီး ရေတိုထိခိုက်မှုတွေကို ကျော်လွှားနိုင်ဖို့ အဆင်သင့်ဖြစ်နေတာပါ။
အစိုးရဆီက မမျှော်လင့်ထားတဲ့ “အလုပ်ပြန်ဝင်ဖို့” အမိန့်ထုတ်ပြန်ချက် အပါအဝင် ဖိအားပေးမှု များလာတာနဲ့အမျှ ဆန္ဒပြ ကုန်တင်ယာဉ်မောင်း ၂၅,၀၀၀ ထဲက တချို့တဝက်ဟာ ဒီအပတ်ထဲမှာ အလုပ်ပြန်ဆင်းနေကြပြီ ဖြစ်ပါတယ်။
ဒီဆန္ဒပြသပိတ်မှောက်မှုကြောင့် ဝင်ငွေဆုံးရှုံးမှု အပါအဝင် အလုပ်ပြုတ်နိုင်တဲ့ အလားအလာတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ရိုက်တာကို ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံက အလုပ်သမားသမဂ္ဂဝင် ကုန်တင်ကားသမားတွေဟာ နိုဝင်ဘာ ၂၄ ရက်မှာ ဒုတိယအကြိမ် သပိတ် စတင်ခဲ့ပါတယ်။
ရဲအရာရှိတွေနဲ့ ဘတ်စ်ကားတွေဟာ အဓိက ထောက်ပံ့ပို့ဆောင်ရေးဌာနတွေရှိတဲ့ အင်ချွန်း၊ အူလ်ဆန်နဲ့ ဘူဆန်တို့လို မြို့ကြီးတွေရှိ အဓိကလမ်းကြောင်းတွေတလျှောက် တန်းစီနေပါတယ်။
သပိတ်ကြောင့် ကမ္ဘာ့ ၁၀ ခုမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံမှာ မော်တော်ယာဥ်ကနေ ရေနံဓာတုပစ္စည်းအထိ စက်မှုလုပ်ငန်းတွေအတွက် ထုတ်လုပ်မှုနဲ့ လောင်စာဆီ ထောက်ပံ့မှုကို အခက်အခဲရှိနိုင်တဲ့ အခြေအနေ ကြုံနေရပါတယ်။
လောင်စာဆီ ကုန်ကျစရိတ်တွေ မြင့်မားလာတာနဲ့အမျှ ကုန်တင်ယာဉ်မောင်းတွေဟာ အခုနှစ်ကုန်မှာ သက်တမ်းကုန်တော့မယ့် ‘Safe Freight Rate’ လို့ခေါ်တဲ့ အနည်းဆုံး အခကြေးငွေစနစ်တခုကို အမြဲတမ်းအတွက် လုပ်ပေးသွားဖို့နဲ့ ရေနံတင်သင်္ဘောတွေ အပါအဝင် တခြားစက်မှုလုပ်ငန်းတွေမှာ ထရပ်ကားသမားတွေအတွက် အကျိုးခံစားခွင့်တွေကို တိုးချဲ့ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုနေကြတာပါ။
ဒီသပိတ်မှောက်မှုဟာ အဓိက ရေနံချက်စက်ရုံကြီးတွေမှာ ရေနံအထောက်အပံ့တွေနဲ့ အဓိကဆိပ်ကမ်းတွေနဲ့ စက်မှုစက်ရုံတွေမှာ သယ်ယူပို့ဆောင်ရေးတွေကို ရပ်တန့်သွားစေနိုင်ကြောင်း ကုန်တင်ယာဉ်မောင်းများ ညီညွတ်ရေးသမဂ္ဂ (CTSU) ရဲ့ ဦးဆောင်စီစဉ်သူက သတိပေးခဲ့ပါတယ်။
နိုင်ငံရှိ ထရပ်ကားယာဉ်မောင်းတွေရဲ့ ၆ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ CTSU ရဲ့ အဖွဲ့ဝင်ပေါင်း ၂၅,၀၀၀ နီးပါးလောက်ဟာ သပိတ်မှာ ပါဝင်မှာဖြစ်ပြီး အရေအတွက် အတိအကျ မဖော်ပြတဲ့ သမဂ္ဂဝင်မဟုတ်တဲ့ အဖွဲ့ဝင်တွေလည်း သပိတ်ကို ပူးပေါင်းကြမှာဖြစ်ကြောင်း သမဂ္ဂက ပြောကြားခဲ့ပါတယ်။
နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဝွန်ဟီးရောင်းက ဒီသပိတ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ နိုင်ငံ့စီးပွားရေးကို ဓားစာခံလုပ်တာလို့ ပြောကြားခဲ့ပါတယ်။