တောင်ကိုရီးယားတွင် ကုန်တင်ယာဉ်မောင်းများ သပိတ်မှောက်

တောင်ကိုရီးယားနိုင်ငံက အလုပ်သမားသမဂ္ဂဝင် ကုန်တင်ကားသမားတွေဟာ နိုဝင်ဘာ ၂၄ ရက်မှာ ဒုတိယအကြိမ် သပိတ် စတင်ခဲ့ပါတယ်။
ရဲအရာရှိတွေနဲ့ ဘတ်စ်ကားတွေဟာ အဓိက ထောက်ပံ့ပို့ဆောင်ရေးဌာနတွေရှိတဲ့ အင်ချွန်း၊ အူလ်ဆန်နဲ့ ဘူဆန်တို့လို မြို့ကြီးတွေရှိ အဓိကလမ်းကြောင်းတွေတလျှောက် တန်းစီနေပါတယ်။
သပိတ်ကြောင့် ကမ္ဘာ့ ၁၀ ခုမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံမှာ မော်တော်ယာဥ်ကနေ ရေနံဓာတုပစ္စည်းအထိ စက်မှုလုပ်ငန်းတွေအတွက် ထုတ်လုပ်မှုနဲ့ လောင်စာဆီ ထောက်ပံ့မှုကို အခက်အခဲရှိနိုင်တဲ့ အခြေအနေ ကြုံနေရပါတယ်။
လောင်စာဆီ ကုန်ကျစရိတ်တွေ မြင့်မားလာတာနဲ့အမျှ ကုန်တင်ယာဉ်မောင်းတွေဟာ အခုနှစ်ကုန်မှာ သက်တမ်းကုန်တော့မယ့် ‘Safe Freight Rate’ လို့ခေါ်တဲ့ အနည်းဆုံး အခကြေးငွေစနစ်တခုကို အမြဲတမ်းအတွက် လုပ်ပေးသွားဖို့နဲ့ ရေနံတင်သင်္ဘောတွေ အပါအဝင် တခြားစက်မှုလုပ်ငန်းတွေမှာ ထရပ်ကားသမားတွေအတွက် အကျိုးခံစားခွင့်တွေကို တိုးချဲ့ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုနေကြတာပါ။
ဒီသပိတ်မှောက်မှုဟာ အဓိက ရေနံချက်စက်ရုံကြီးတွေမှာ ရေနံအထောက်အပံ့တွေနဲ့ အဓိကဆိပ်ကမ်းတွေနဲ့ စက်မှုစက်ရုံတွေမှာ သယ်ယူပို့ဆောင်ရေးတွေကို ရပ်တန့်သွားစေနိုင်ကြောင်း ကုန်တင်ယာဉ်မောင်းများ ညီညွတ်ရေးသမဂ္ဂ (CTSU) ရဲ့ ဦးဆောင်စီစဉ်သူက သတိပေးခဲ့ပါတယ်။
နိုင်ငံရှိ ထရပ်ကားယာဉ်မောင်းတွေရဲ့ ၆ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ CTSU ရဲ့ အဖွဲ့ဝင်ပေါင်း ၂၅,၀၀၀ နီးပါးလောက်ဟာ သပိတ်မှာ ပါဝင်မှာဖြစ်ပြီး အရေအတွက် အတိအကျ မဖော်ပြတဲ့ သမဂ္ဂဝင်မဟုတ်တဲ့ အဖွဲ့ဝင်တွေလည်း သပိတ်ကို ပူးပေါင်းကြမှာဖြစ်ကြောင်း သမဂ္ဂက ပြောကြားခဲ့ပါတယ်။
နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဝွန်ဟီးရောင်းက ဒီသပိတ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ နိုင်ငံ့စီးပွားရေးကို ဓားစာခံလုပ်တာလို့ ပြောကြားခဲ့ပါတယ်။