အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တောင်ပိုင်းက ကုန်တင်ရထားတစ်စီးပေါ်မှာ အထောက် အထားမဲ့ ရွှေ့ပြောင်းအခြေချသူ ၂ ဦး အသက်ရှုကြပ် သေဆုံးခဲ့ပြီး ဆေးဝါးကုသမှု လိုအပ်နေတဲ့ နောက်ထပ်လူ ၁၀ ဦးကိုလည်း ဆေးရုံပို့ဆောင်ခဲ့တယ်လို့ မတ် ၂၄ရက်မှာ ရဲတပ်ဖွဲ့က ပြောပါတယ်။
တက္ကဆက်ပြည်နယ် ယူဗယ်ဒီမြို့က တာဝန်ရှိသူတွေဟာ အမည်မသိ 911 အရေးပေါ်ခေါ်ဆိုမှု တစ်ခုအတွင်း ရထားတစ်စင်းထဲမှာ ရွှေ့ပြောင်းအခြေချသူအများအပြား အသက်ရှု ကျပ်နေကြ ကြောင်း သတင်းပေးခဲ့တာဖြစ်တယ်လို့ ယူဗယ်ဒီရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။
ရွှေ့ပြောင်းအခြေချသူ အနည်းဆုံး ၁၅ ဦးလောက်ဟာ ချက်ချင်းဆေးကုသမှုခံယူဖို့ လိုအပ်နေခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြန်ပြောပြပါတယ်။
အမေရိကန်နယ်ခြားစောင့်တပ်ဖွဲ့က ရဲအရာရှိတွေဟာ သတင်းပေးချက် ရပြီးတဲ့နောက် ရွှေ့ပြောင်းအခြေချသူတွေလိုက်ပါလာတဲ့ ဒီရထားကို ယူဗယ်ဒီ ကောင်တီရဲ့ နစ်ပါ ဧရိယာ အရှေ့ ဘက်မှာ ရပ်တန့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတာဝန်ရှိသူတွေက ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ဆင်းသက်နိုင်အောင် အမှတ် ၉၀ အဝေးပြေးလမ်းကိုပါ ယာယီပိတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။
ဖက်ဒရယ်စုံစမ်း စစ်ဆေးရေးမှူးတွေအနေနဲ့ ဒီကိစ္စဟာ လူမှောင်ခိုကူးမှု ဖြစ်နိုင်ခြေရှိတာကြောင့် ဆက်လက်ရှာဖွေနေတယ်လို့ အမေရိကန်အမိမြေလုံခြုံရေးဌာနက အတည်ပြုပြောကြားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်က အယ်နာကောတပ်စ်မြို့အနီး စကားဂစ်ထ် ကောင်တီမှာ မတ်လ ၁၆ ရက် ညသန်းခေါင်လောက်က ကုန်တင်ရထားတစင်း လမ်းချော်သွားပြီးနောက် ဒီဇယ်ဆီဂါလံ ၅,၀၀၀ လောက် ယိုဖိတ်သွားခဲ့ကြောင်း ပြည်နယ် ဂေဟဗေဒဌာနက ထုတ်ပြန်ပါတယ်။
ဒီဇယ်ဆီယိုဖိတ်မှုကို အရေးပေါ်အဖွဲ့သားတွေက တုံ့ပြန်လုပ်ဆောင်နေကြပါတယ်။ ယိုဖိတ်မှုဟာ ရေကြောနဲ့ထိစပ်နေတဲ့ မြေပြန့်ပေါ်မှာ ဖိတ်ကျသွားတာဖြစ်ပြီး ဒီဇယ်ဆီ အများစုဟာ ရေ သို့မဟုတ် တောရိုင်းတိရစ္ဆာန်တွေအပေါ် ဘာထိခိုက်မှုမှ မရှိဘဲ မြေပြင်ပေါ်ကိုသာ ဖိတ်ကျသွားတာဖြစ်ကြောင်း လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုရထားလမ်းချော်မှုမှာ ဘာလင်တန်မြောက်ပိုင်း ဆန်တာဖေး BNSF ရထားလိုင်းက ရထားတစင်းနဲ့ ကားတစင်းတို့ ပတ်သက်နေပြီး ရထားရော ကားရော ရထားလမ်းကြောင်းကနေ ချော်ထွက်သွားတာပါ။
အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ပြီးခဲ့တဲ့နာရီပိုင်းလောက်ကလည်း အရီဇိုးနားပြည်နယ်အနောက်ပိုင်းမှာ တခြား BNSF ရထားတစီး လမ်းချော်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ တလခွဲလောက်ကလည်း အိုဟိုင်းယိုးပြည်နယ်က အရှေ့ပါလက်စတိုင်းရွာမှာ နော်ဖို့ခ် တောင်ပိုင်း ကုန်တင်ရထားတစီး လမ်းချော်ခဲ့လို့ အဆိပ်ရှိတဲ့ ဗီနိုင်းလ် ကလိုရိုက်ဒ်နဲ့ တခြားအန္တရာယ်ရှိ ဓာတုပစ္စည်းတွေ သယ်ဆောင်လာတဲ့ကားတွေ မှောက်ကုန်ပြီး မီးလောင်ခဲ့ပါတယ်။