close

ကုန်ရထား

close

March 1, 2023

ဂရိတွင် ရထားနှစ်စင်းတိုက်မိပြီး ၂၆ ဦးသေဆုံး၊ အနည်းဆုံး ၈၅ ဦးဒဏ်ရာရ

ဂရိနိုင်ငံမှာ ဖေဖော်ဝါရီ ၂၈ ရက် ညက ရထားနှစ်စင်း တိုက်မိပြီး လူ ၂၆ ယောက် သေဆုံးကာ အနည်းဆုံး ၈၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗက်ဆီလီစ် ဗာသကို ဂီယန်နစ်စ်က ပြောပါတယ်။

အေသင်မြို့ကနေ မြောက်ဘက် ထက်စာလိုနီကီမြို့ကို သွားနေတဲ့ ခရီးသည်တင်ရထားနဲ့ ထက်စာလိုနီကီမြို့ကနေ လာရစ်ဆာမြို့ကို သွားနေတဲ့ ကုန်တင်ရထားတစင်းတို့ဟာ နိုင်ငံအလယ်ပိုင်းရှိ လာရစ်ဆာမြို့ အပြင်ဘက်မှာ တိုက်မိခဲ့တာဖြစ်ကြောင်း ထက်ဆာလီဒေသရဲ့ အုပ်ချုပ်ရေးမှူး ကွန်စတန်တီနိုစ် အာဂိုရာစတိုစ်က SKAI TV ကို ပြောပါတယ်။

ပထမဆုံး ရထားတွဲ ၄ တွဲ လမ်းချော်သွားပြီး ရှေ့ပိုင်း ၂ တွဲဟာ လုံးဝနီးပါး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရထားတဲ့ ခရီးသည် အယောက် ၄၀ လောက်ကို ဆေးရုံပို့ဆောင်ခဲ့ပြီး ခရီးသည် ၂၅၀ လောက်ကို ထက်စာလိုနီကီမြို့ကိုသွားဖို့ ဘတ်စ်ကားတွေပေါ်ကို ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း အာဂိုရာစတိုစ်က ပြောပါတယ်။

တိုက်မိရတဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။

ရထားပေါ်မှာ ခရီးသည် ၃၅၀ လောက် လိုက်ပါလာတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

1 min Ago

February 8, 2023

အမေရိကန်တွင် လမ်းချော်ခဲ့သည့် ကုန်ရထားမှ အဆိပ်သင့်ဓာတုကုန်စည်များကို မီးရှို့ဖျက်ဆီး

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် အရှေ့ပိုင်းက အမှုထမ်းတွေဟာ လွန်ခဲ့တဲ့ ၃ ရက်က ရထားလမ်းချော်ခဲ့တဲ့ ကုန်ရထားတစီးရဲ့ ရထားတွဲငါးတွဲကနေ အဆိပ်သင့် ဓာတုကုန်စည်တွေကို ဖေဖော်ဝါရီ ၆ ရက်မှာ စနစ်တကျ ထိန်းချုပ်ဖောက်ထုတ်ပြီး မီးရှို့ခဲ့ပါတယ်။

ဒီလိုလုပ်ဖို့ လူအများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မီးလောင်လွယ်ပြီး ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဖိအားပြင်း ဗင်နိုင်း ကလိုရိုက်ဒ် ဓာတ်ငွေ့တွေကို အစီအစဉ်တကျ ဖောက်ခွဲ မီးရှို့ခဲ့တယ်လို့ အိုဟိုင်းယိုး အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီ ပြောခွင့်ရ စန်ဒီ မက်ကီက ပြောပါတယ်။ ဒဏ်ရာရသူ အစီရင်ခံတာ မရှိဘူးလို့ မက်ကီက ဆိုပါတယ်။

အိုဟိုင်းယိုးနဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် နယ်စပ်နားက အရှေ့ပါလက်စတိုင်းမြို့မှာ ဖြစ်ခဲ့တဲ့ ရထားလမ်းချော်တဲ့ နေရာကနေ မီးခိုးနက်တွေ ထူထူထဲထဲ အူတက်နေတဲ့ ရုပ်သံကို အေဘီစီသတင်းဌာနနဲ့ မိတ်ဘက် WYTV ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

နော်ဖော့တောင်ပိုင်း ရထားလမ်းကုမ္ပဏီက လုပ်ငန်းလည်ပတ်နေတဲ့ ဒီရထားဟာ ဖေဖော်ဝါရီ ၃ ရက်က လမ်းချော်ပြီး အကြီးအကျယ် မီးလောင်ခဲ့လို့ အနားကအိမ်တွေကို ချက်ချင်း ဘေးကင်းရာ ရွှေ့ခဲ့ရပါတယ်။ 

အဲဒီနောက် တချို့ရထားတွဲတွေက ဖိအားလျှော့ကိရိယာတွေ အလုပ်မလုပ်တော့တာကို ဖေဖော်ဝါရီ ၅ ရက်မှာ တွေ့အပြီး အများပြည်သူ ဘေးကင်းရေး စိုးရိမ်မှုတွေ နက်ရှိုင်းလာခဲ့ပါတယ်။ ဒီအခြေအနေဟာ ကပ်ဆိုးကြီး ဆိုက်စေနိုင်လောက်တယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။

ဗီနိုင်း ကလိုရိုက်ဒ်ဟာ အရောင်မရှိတဲ့ စက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့ဖြစ်ပြီး အလွယ်တကူ လောင်ကျွမ်းနိုင်တယ်၊ ပီဗီစီပိုက်တွေနဲ့ တခြားထုတ်လုပ်မှုတွေအတွက် အဓိကသုံးတယ်လို့ အမျိုးသားကင်ဆာဌာနက ပြောပါတယ်။

အဆိပ်ဓာတ်ငွေ့ကို အမှုထမ်းတွေ စွန့်ထုတ်တဲ့ နည်းလမ်းကို အတိအကျ ရှင်းမပြခဲ့ပါဘူး။ ဒါပေမဲ့ ထွက်လာတဲ့ အကြွင်းအကျန်တွေကို ထိန်းထားနိုင်ဖို့ အလုပ်သမားတွေက ရေနုတ်မြောင်းတွေနဲ့ တာတမံတွေ ပြင်ဆင်ထားတယ်လို့ ရထားလမ်းလုပ်ငန်းက ပြောပါတယ်။

လေထုအရည်အသွေးကို ပြည်နယ် သဘာဝပတ်ဝန်းကျင် တာဝန်ရှိသူတွေက စောင့်ကြည့်မှာပါ။ ထိန်းချုပ် ဖောက်ထုတ်တဲ့အလုပ် စလုပ်ပြီး နှစ်နာရီနီးပါးအကြာမှာ ကုမ္ပဏီက “ရထားတွဲအများအပြားကို ထိန်းချုပ်ဖောက်ထုတ်တဲ့အလုပ်တွေ အောင်အောင်မြင်မြင် ပြီးပြီ” လို့ ပြောခဲ့ပါတယ်။

3 weeks Ago
Up