ဂရိတွင် ရထားနှစ်စင်းတိုက်မိပြီး ၂၆ ဦးသေဆုံး၊ အနည်းဆုံး ၈၅ ဦးဒဏ်ရာရ

ဂရိနိုင်ငံမှာ ဖေဖော်ဝါရီ ၂၈ ရက် ညက ရထားနှစ်စင်း တိုက်မိပြီး လူ ၂၆ ယောက် သေဆုံးကာ အနည်းဆုံး ၈၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗက်ဆီလီစ် ဗာသကို ဂီယန်နစ်စ်က ပြောပါတယ်။
အေသင်မြို့ကနေ မြောက်ဘက် ထက်စာလိုနီကီမြို့ကို သွားနေတဲ့ ခရီးသည်တင်ရထားနဲ့ ထက်စာလိုနီကီမြို့ကနေ လာရစ်ဆာမြို့ကို သွားနေတဲ့ ကုန်တင်ရထားတစင်းတို့ဟာ နိုင်ငံအလယ်ပိုင်းရှိ လာရစ်ဆာမြို့ အပြင်ဘက်မှာ တိုက်မိခဲ့တာဖြစ်ကြောင်း ထက်ဆာလီဒေသရဲ့ အုပ်ချုပ်ရေးမှူး ကွန်စတန်တီနိုစ် အာဂိုရာစတိုစ်က SKAI TV ကို ပြောပါတယ်။
ပထမဆုံး ရထားတွဲ ၄ တွဲ လမ်းချော်သွားပြီး ရှေ့ပိုင်း ၂ တွဲဟာ လုံးဝနီးပါး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရထားတဲ့ ခရီးသည် အယောက် ၄၀ လောက်ကို ဆေးရုံပို့ဆောင်ခဲ့ပြီး ခရီးသည် ၂၅၀ လောက်ကို ထက်စာလိုနီကီမြို့ကိုသွားဖို့ ဘတ်စ်ကားတွေပေါ်ကို ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း အာဂိုရာစတိုစ်က ပြောပါတယ်။
တိုက်မိရတဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။
ရထားပေါ်မှာ ခရီးသည် ၃၅၀ လောက် လိုက်ပါလာတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။