close

ကုလလူ့အခွင့်အရေးကိုယ်စားလှယ်

close

October 27, 2022

ရုရှားလက်နက်သုံးပြီး မြန်မာပြည်သူများကို သတ်ဖြတ်နေဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

ယူကရိန်းမှာ အသုံးပြုနေတဲ့ ရုရှားလက်နက်တွေဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေကို စစ်တပ်က သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ လက်နက်တချို့နဲ့ အမျိုးအစား အတူတူပဲဖြစ်တယ်လို့    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့်အရေးကော်မတီမှာ  မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ရှင်းလင်းတင်ပြရာမှာ ကုလသမဂ္ဂ ကျွမ်းကျင်သူ  တွမ်အင်ဒရူးစ်က ပြောကြားသွားတာပါ ။ 

“ယူကရိန်းက လူတွေကို သတ်ဖို့သုံးတဲ့ လက်နက်အမျိုးအစားတချို့ဟာ မြန်မာလူမျိုးတွေကို သတ်ဖြတ်တဲ့နေရာမှာလည်း သုံးနေတာဖြစ်ပြီးတော့ သူတို့ဟာ တူညီတဲ့ အရင်းအမြစ်ဖြစ်တဲ့ ရုရှားက လာတာ”လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် က ပြောပါတယ်။

ရုရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ်ကြီး ဂျန်နဒီကူဇမင်ကတော့ တွမ်အင်ဒရူးစ်ရဲ့ အစီရင်ခံစာကို မေးခွန်းထုတ်ခဲ့ပြီး အချက်အလက် မခိုင်လုံကြောင်း တုံ့ပြန် ပြောပါတယ်။ 

တကမ္ဘာလုံးက အရပ်သားတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဘယ်သူ့ လက်နက်တွေနဲ့ သတ်နေတယ်ဆိုတာပြောဖို့ မသက်ဆိုင်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားလို့ ယူကရိန်းကိစ္စအစား မြန်မာကိစ္စပဲ လုပ်ဖို့ဆိုပြီး ရုရှားသံမတ်က ပြောပါတယ်။

ယူကရိန်းနိုင်ငံအရေးမှာ ရုရှားအစိုးရအပေါ် အရေးယူမှုတွေ ဆောင်ရွက်ပေးသလိုမျိုး မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားဖိအားပေးဖို့အတွက်ညွန့်ပေါင်းဖွဲ့ဖို့လည်း တွမ်အင်ဒရူးစ်က နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။  

ညွန့်ပေါင်းအဖွဲ့တွေဟာ စစ်အစိုးရကို ပိတ်ဆို့အရေးယူမှုတွေ၊ လက်နက်ရောင်းချမှုတွေနဲ့ ပစ်မှတ်ထားပြီး အတူတကွ လုပ်ဆောင်သင့်တယ်လို့လည်း အန်ဒရူးစ်က နယူးယောက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

“အခု လုပ်လို့မပြီးသေးဘူး။ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိလို့မဟုတ်ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။ လမ်းညွှန်စာအုပ် လိုချင်ရင် ယူကရိန်းကိုကြည့်။” 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နှစ်ခြမ်းကွဲနေတာ ကြာနေပြီဖြစ်ပြီး တရုတ်နဲ့ ရုရှားတို့က စစ်အုပ်စုကို  ပြင်းထန်တဲ့ အရေးယူမှုကနေ ကာကွယ်နိုင်ဖွယ်ရှိကြောင်း သံတမန်တွေက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ရေး တောင်းဆိုတဲ့ အဖွဲ့ဝင် ၁၅ ဖွဲ့ပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်က ပြီးခဲ့တဲ့လမှာ အဆိုပြုခဲ့ပြီး ပြင်ဆင်တဲ့မူကြမ်းကို အခုသီတင်းပတ်မှာ ဖြန့်ဝေခဲ့ပါတယ်။ 

ဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ဖို့ ဘယ်အချိန်မှာ မဲပေးနိုင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အတည်ပြုဖို့အတွက် ဒီဆုံးဖြတ်ချက်မှာ ထောက်ခံမဲ ကိုးမဲ လိုအပ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ဆီက ဗီတိုအာဏာ တခုမှ မသုံးဖို့လည်း လိုအပ်ပါတယ်။

ခိုလှုံခွင့်တောင်းခံတဲ့ မြန်မာနိုင်ငံသား ဒါဇင်ပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးခဲ့တဲ့အတွက် မလေးရှားနိုင်ငံကို အန်ဒရူးစ်က ပြစ်တင်ရှုတ်ချခဲ့ပြီး “ညှဉ်းပန်းနှိပ်စက်မှုနဲ့ သေဒဏ်ပေးခံရမှုတွေ အများဆုံး ကြုံတွေ့ရလိမ့်မယ်” လို့ ပြောပါတယ်။ 

ဒါဟာ လက်မခံနိုင်စရာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုပါပဲ လို့လည်း ပြောဆိုပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို မလေးရှားအာဏာပိုင်တွေက တုံ့ပြန်ခြင်းမရှိပါဘူး။

5 mins Ago

July 25, 2022

သေဒဏ်ပေးကွပ်မျက်မှုအပေါ် နိုင်ငံတကာက ပြင်းထန်စွာတုံ့ပြန်ရန် ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ပန်ကြား

ဒီမိုကရေစီအရေးလှုပ်ရှားသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ဦးကျော်မင်းယု)၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ တခြားနှစ်ယောက်တို့ကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကွပ်မျက်လိုက်တဲ့အပေါ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။ 

တွမ်အန်ဒရူးစ်က “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ သူရဲကောင်းတွေကို စစ်အာဏာရှင်က ကွပ်မျက်လိုက်တဲ့အပေါ်မှာ ယူကျုံးမရနဲ့ ဒေါသဖြစ်ရပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ ချစ်ခင်ကြသူတွေအပြင် နည်းမျိုးစုံနဲ့ ရက်စက်ကြမ်းကြုတ်နေတဲ့ စစ်အာဏာရှင် လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်ပါ စိတ်မကောင်းဖြစ်ရပါတယ်။”လို့ ပြောပါတယ်။

အဆိုပါနိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေအကြံပေးရဲ့ တရားဝင်အကူအညီနဲ့ အယူခံလျှောက်လဲခွင့်မပေးခဲ့ဘဲ စစ်ခုံရုံးကနေ အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး သေမိန့်ချမှတ်ခဲ့တာဟာ နိုင်ငံတကာလူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က “စစ်ကောင်စီရဲ့ သိက္ခာမရှိတဲ့ ဒီလိုအကျင့်ပျက်လုပ်ရပ်တွေကို ကြည့်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အမြင်မှန်ရသင့်ပါပြီ။ စစ်ကောင်စီက ဘယ်လို ရက်စက်တဲ့လုပ်ရပ်တွေထပ်လုပ်ပြမှ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ သူတို့အပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ကြမှာလဲ။ ဆန္ဒပြသူတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်သုတ်သင်နေတာတွေ၊ ရွာလုံးကျွတ်မီးရှို့ပစ်နေတာတွေ၊ အခုဆိုရင် အတိုက်အခံ ခေါင်းဆောင်တွေကို သေဒဏ်ပေး သတ်ပစ်နေတာတွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သင့်တော်တဲ့ တုံ့ပြန်မှုတွေ ချက်ချင်းဆောင်ရွက်ဖို့ လုံလောက်နေပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့  အရေးယူမှုတွေထပ်ပြီး နှောင့်နှေးကြန့်ကြာနေလို့ မဖြစ်တော့ပါဘူး။” လို့ ပြောပါတယ်။

ဒီလူတွေရဲ့ အသက်ကိုချမ်းသာပေးဖို့ လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပုဂ္ဂလိက အယူခံကို ဗြောင်ကျကျ ငြင်းဆန်ခဲ့တဲ့  မင်းအောင်လှိုင်ရဲ့လုပ်ရပ်တွေဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း လုံးဝဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီလုပ်ရပ်နဲ့ ထိုက်တန်တဲ့ တုံ့ပြန်မှုကို အရေးယူဆောင်ရွက်ရတော့မှာဖြစ်တယ်လို့လည်း အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောပါတယ်။ 

သေဒဏ်ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့   ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့  ဇူလိုင် ၂၅ ရက်ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ထား ပါတယ်။

3 months Ago
Up