သေဒဏ်ပေးကွပ်မျက်မှုအပေါ် နိုင်ငံတကာက ပြင်းထန်စွာတုံ့ပြန်ရန် ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ပန်ကြား

ဒီမိုကရေစီအရေးလှုပ်ရှားသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ဦးကျော်မင်းယု)၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ တခြားနှစ်ယောက်တို့ကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကွပ်မျက်လိုက်တဲ့အပေါ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။
တွမ်အန်ဒရူးစ်က “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ သူရဲကောင်းတွေကို စစ်အာဏာရှင်က ကွပ်မျက်လိုက်တဲ့အပေါ်မှာ ယူကျုံးမရနဲ့ ဒေါသဖြစ်ရပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ ချစ်ခင်ကြသူတွေအပြင် နည်းမျိုးစုံနဲ့ ရက်စက်ကြမ်းကြုတ်နေတဲ့ စစ်အာဏာရှင် လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်ပါ စိတ်မကောင်းဖြစ်ရပါတယ်။”လို့ ပြောပါတယ်။
အဆိုပါနိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေအကြံပေးရဲ့ တရားဝင်အကူအညီနဲ့ အယူခံလျှောက်လဲခွင့်မပေးခဲ့ဘဲ စစ်ခုံရုံးကနေ အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး သေမိန့်ချမှတ်ခဲ့တာဟာ နိုင်ငံတကာလူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က “စစ်ကောင်စီရဲ့ သိက္ခာမရှိတဲ့ ဒီလိုအကျင့်ပျက်လုပ်ရပ်တွေကို ကြည့်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အမြင်မှန်ရသင့်ပါပြီ။ စစ်ကောင်စီက ဘယ်လို ရက်စက်တဲ့လုပ်ရပ်တွေထပ်လုပ်ပြမှ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ သူတို့အပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ကြမှာလဲ။ ဆန္ဒပြသူတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်သုတ်သင်နေတာတွေ၊ ရွာလုံးကျွတ်မီးရှို့ပစ်နေတာတွေ၊ အခုဆိုရင် အတိုက်အခံ ခေါင်းဆောင်တွေကို သေဒဏ်ပေး သတ်ပစ်နေတာတွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သင့်တော်တဲ့ တုံ့ပြန်မှုတွေ ချက်ချင်းဆောင်ရွက်ဖို့ လုံလောက်နေပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အရေးယူမှုတွေထပ်ပြီး နှောင့်နှေးကြန့်ကြာနေလို့ မဖြစ်တော့ပါဘူး။” လို့ ပြောပါတယ်။
ဒီလူတွေရဲ့ အသက်ကိုချမ်းသာပေးဖို့ လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပုဂ္ဂလိက အယူခံကို ဗြောင်ကျကျ ငြင်းဆန်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့လုပ်ရပ်တွေဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း လုံးဝဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီလုပ်ရပ်နဲ့ ထိုက်တန်တဲ့ တုံ့ပြန်မှုကို အရေးယူဆောင်ရွက်ရတော့မှာဖြစ်တယ်လို့လည်း အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက်ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ထား ပါတယ်။