ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းက လက်နက်ကိုင်အဖွဲ့အားလုံး လက်နက်ချထားဖို့ မေ ၆ ရက်က တိုက်တွန်းခဲ့ပါတယ်။
သူတို့ရဲ့ တည်ရှိမှုဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဆိုးတွေကို ဖြစ်စေပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။
ဂူတားရဲ့စ်ဟာ ဘူရွန်ဒီနိုင်ငံရဲ့ မြို့တော် ဘူဂျန်ဘူရာမှာ ကျင်းပတဲ့ ဒေသဆိုင်ရာခေါင်းဆောင်များ အစည်းအဝေးမှာ ခုလိုပြောခဲ့တာပါ။
အကြမ်းဖက်မှုတွေနဲ့ အစုလိုက်အပြုံလိုက်ထွက်ပြေးခြင်းတွေအတွက် လက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင်ကတော့ အရပ်သားတွေကို အပြစ်တင်ခဲ့ပြီး ကွန်ဂိုရဲ့ လုံခြုံရေးအခြေအနေတွေကို ဆွေးနွေးဖို့ ပြောခဲ့ပါတယ်။
ကွန်ဂိုအရှေ့ပိုင်းဟာ M23 နဲ့ မဟာမိတ်ဒီမိုကရက်တစ်တပ်ဖွဲ့ (ADF) အပါအဝင် အဖွဲ့ပေါင်းစုံက လက်နက် ကိုင်သောင်းကျန်းသူတွေရဲ့ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတွေအပါအဝင် ကျယ်ပြန့်တဲ့ အကြမ်းဖက်မှုတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရပါတယ်။
ဒေသတွင်း လုံခြုံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုနှုန်းအလိုက် ခြိမ်းခြောက်နေတဲ့အတွက် ပြည်တွင်းပြည်ပက လက်နက်ကိုင်အဖွဲ့တွေ အရှိန်လျော့ချရေး၊ လျော့ပါးသက်သာရေးနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုချက်တွေအတွက် သူတို့ဟာ ကွန်ဂိုမှာ လက်နက်ချရမယ်လို့ ကုလအတွင်းရေး မှူးချုပ် ဂုတာရက်စ်က ပြောပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက M23 ပြန်လည်ပေါ်ပေါက်လာမှုကြောင့် အနည်းဆုံး လူ ၅ သိန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
အိမ်နီးချင်း ရဝမ်ဒါက M23 သူပုန်တွေကို ပံ့ပိုးကူညီနေတယ်လို့ ကွန်ဂိုနိုင်ငံက စွပ်စွဲထားပါတယ်။
ကွန်ဂိုအရှေ့ပိုင်းဒေသဟာ တွစ်ဆီလူမျိုးစုအများစုနဲ့ ဖွဲ့စည်းထားပါတယ်။ ရဝမ်ဒါက ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ကွန်ဂိုဟာ သူ့ရဲ့ တွစ်ဆီ တိုင်းရင်းသားတွေကို နှိပ်စက်ညှဉ်းပန်းရင်း သူတို့အပေါ် လူမျိုးရေးမုန်းတီးမှုကို အားပေးနေတယ်လို့ တန်ပြန် စွပ်စွဲထားပါတယ်။
အမုန်းစကားနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှု အဆုံးသတ်ဖို့ ဂူတာရက်စ်က နိုင်ငံရေး ခေါင်းဆောင်တွေကို ဆော်ဩခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဆိုးရွားစွာ လေကြောင်းကနေ တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဧပြီ ၁၁ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ် ပြန်ချက်မှာတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စဉ်ဆက်မပြတ် ရှုတ်ချမှုတွေကို မျက်ကွယ်ပြုပြီးတော့ မြန်မာပြည် သူတွေအပေါ် အကြမ်းဖက်မှု ပိုမိုဆိုးရွားစွာ ကျူးလွန်နေတယ်ဆိုတာကို လေကြောင်းကနေ ခုလို ပူးတွဲတိုက်ခိုက်မှုတွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ တပတ် ဧပြီ ၄ ရက်ကတည်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်၊ အရပ်ဘက် စစ်ဘက် ပစ်မှတ်ခွဲခြားမှုမရှိ၊ မတန်တဆအင်အားသုံး တိုက်ခိုက်မှုတွေအပေါ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ ဘုံသဘောတူညီချက်နဲ့ ချမှတ်ခဲ့ပြီး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအားလုံးကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အကြမ်းဖက်စစ်အုပ်စုကတော့ အဲဒီလို ဆုံးဖြတ်ချက်ကိုတောင် ပိုမိုဆိုးရွားပြင်းထန်တဲ့ သတ်ဖြတ်မှု၊ သွေးချောင်းစီးမှုနဲ့ တုံ့ပြန်ခဲ့ပြီးဖြစ်တယ်လို့လည်း NUG အစိုးရက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာမှာကျင်းပတဲ့ ပလဖရုံးဖွင့်ပွဲကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူ ၁၀၀ ကျော်ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒါ့အပြင် အခုညနေပိုင်းမှာလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဒုတိယအကြိမ် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဒီနေ့ ညနေ ၅ နာရီ ၃၅ မှ ၄၀ မိနစ်ထိ ၃ ကြိမ်ဝဲပြီး ဗုံး ၄ လုံးချကာ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
အခုတကြိမ် တိုက်ခိုက်မှုမှာ ရွာသားတွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ဖယ်ရှားနိုင်မှသာ တိုင်း ပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည်နိုင်မယ်ဆိုတာကို ဒီကနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်တယ်လို့ မှတ်ယူကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့်မို့ ထိခိုက်ဆုံးရှုံးရတဲ့ လူထုဘဝတွေ အချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းမှာပဲ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမိုပြီးတော့ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမယ်လို့လည်း အခိုင်အမာ ကတိ ပြုထားပါတယ်။