စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်း စီးနင်းခံရပြီးနောက် စစ်ကောင်စီက အနီးနားဝန်းကျင်ရွာတွေကို အကြမ်းဖက်မှာစိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကူတော်ရဲစခန်းကို ဧပြီလ ၈ ရက်နေ့ညပိုင်းက တိုက်ခိုက်ခဲ့ရာမှာ အလောင်း သုံးလောင်းနဲ့အတူ မောင်းပြန်ရိုင်ဖယ် သုံးလက်၊ အခြားသော လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဂဠုန်တပ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မိနစ် ၃၀ ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၃ လောင်းနဲ့ G-3 မောင်းပြန် ရိုင်ဖယ် ၄ လက် 7.62 ကျည် အမျိုးအစား ၅၄ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ လက်ပစ်ဗုံး ၁ လုံး၊ လွယ်အိတ် ၁ လုံး ကျည်ကတ် ၆ ခု သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
သိမ်ဆည်းရရှိတဲ့ လက်နက်တွေကို တရားသောစစ်မှာ ဆက်လက်အသုံးပြုမယ်လို့လည်း ဂဠုန်တပ်တော်က ဆိုပါတယ်။
ရဲစခန်းကို စီးနင်းပြီးနောက် စစ်ကောင်စီက MI-35 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့သလို လက်ရှိမှာလည်း မုံရွာဘက်ကနေ အင်အားဖြည့်ပြီး ဘုတလင်နယ်ဘက် လာနေတယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။
စစ်အုပ်စုက စခန်းသိမ်းခံရပြီးရင် အနီးဝန်းကျင်ကို အကြမ်းဖက် မီးရှို့ဖျက်ဆီးတာတွေ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်လေ့ရှိတာကြောင့် ဒေသခံတချို့လည်း စိုးရိမ်ပြီး ထွက်ပြေးနေကြပါတယ်။ စစ်အုပ်စုဘက်ကတော့ ဘုတလင်မြို့ပေါ်က လမ်းတချို့ ပိတ်ကာ အတင်းအကျပ် တားဆီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ကူတော်ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က တပ်ခွဲမှူး အပါအဝင် အများအပြား သေတယ်လို့ ဘုတလင် PDF က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် စစ်လေ့ကျင့်ရေးတပ်နဲ့ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းတို့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အရာတော်မြို့နယ် အရှေ့ဘက်မှာရှိတဲ့ စခတ ၁၀ လေ့ကျင့်ရေးတပ်အတွင်း ဒီနေ့မနက် ၆ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါလေ့ကျင့်ရေးတပ်ဟာ အရင်ခတ်က စစ်သားလေးကျင့်ရေးစခန်းဖြစ်ပြီး လက်ရှိအာဏာသိမ်းပြီးချိန်မှာ စစ်တပ်ထဲကို လူသစ်ဝင်ရောက်တာမရှိတာကြောင့် စစ်သားမိန်းမတွေ၊ ရဲမိန်းမတွေအားလုံးကို သင်တန်းပေးလေ့ကျင့်နေတာလို့ အနီးဝန်းကျင်က မျက်မြင်တွေကပြောပါတယ်။
“ကျနော်တို့ လက်နက်ကြီး ၄ လုံးနဲ့ စခန်းအတွင်း ပစ်ခဲ့တာဗျ။ ပစ်ရတဲ့ ရည်ရွယ်ချက်တော့ စစ်ကောင်စီတပ်ဘက်ကို ပူးပေါင်းနေမယ်ဆိုရင် အခုလို နေအိမ်တွင်းမှာ နေရပေမဲ့ လုံခြုံမှု မရှိဆိုတာ သိစေခြင်တဲ့ရည်ရွယ်ချက်နဲ့ ပစ်ရတာဗျ။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး” လို့ အရာတော်မြို့နယ်သပြေညို ပြောက်ကျားအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အခုလိုမဟာမိတ်အဖွဲ့က ပစ်ခတ်ခံရတာကြောင့် စခန်းအတွင်း စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားပြီး ဖြတ်သန်းသွားလာခွင့်ပါ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုစစ်ဆင်ရေးကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)တို့မှ ဦးဆောင်၍ Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့ (APOSTLE) ညီနောင် (၈) ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ တပ်ခွဲမှူးဦးစီးတဲ့ အင်အား ၃၀ ရှိတဲ့ ကူတော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၁၁ ရက်နေ့ည ၁၂ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တစ်ဦးက “မနေ့ညက ၁၂ နာရီလောက် ဝင်တိုက်ခိုက်ခဲ့တယ်။ ၁ နာရီခွဲလောက်မှာ တိုက်ပွဲပြီးသွားတယ်။ ဒီနေ့မနက်ခင်း စစ်ကားတစ်စီးနဲ့ ထပ်ရောက်လာတာတော့ တွေ့ရတယ်။ လက်ရှိ ရွာထဲက ဘာတွေ မီးရှို့နေတယ်တော့ မသိဘူး။ မီးခိုးတွေတော့ လှမ်းမြင်နေရတယ်။ အကျအဆုံးကတော့ သူတိုဘက်က တပ်ခွဲမှုးအဆင့်ရှိသူနဲ့ အင်အား ၃၀ အကုန်ကျတယ်” လို့ ပြောပါတယ်။
ကူတော်ရဲစခန်းဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာသတင်းထုတ်ပြန်ထားတာမရှိသေးသလို ထိခိုက်ကျဆုံးစာရင်းကို DVB စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုလို နှစ်ဖက်တိုက်ပွဲဖြစ်တာကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ဒေသခံတွေ ဘေးလွတ်ရာ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
အဆိုပါကူတော်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ ဘုတလင်ပြည်သူကာကွယ်ရေးတပ်အဖွဲ့ပေါင်းစုံနဲ့ ဒီပဲယင်းဂဠုန်တပ်တော်၊ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ပေါင်းစုံက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။