close

ကူတော်ရဲစခန်းစီးနင်းခံရပြီး စစ်တပ်က အကြမ်းဖက်မည်ကိုစိုးရိမ်သဖြင့် ဒေသခံများ ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်း စီးနင်းခံရပြီးနောက် စစ်ကောင်စီက အနီးနားဝန်းကျင်ရွာတွေကို အကြမ်းဖက်မှာစိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကူတော်ရဲစခန်းကို ဧပြီလ ၈ ရက်နေ့ညပိုင်းက တိုက်ခိုက်ခဲ့ရာမှာ အလောင်း သုံးလောင်းနဲ့အတူ မောင်းပြန်ရိုင်ဖယ် သုံးလက်၊ အခြားသော လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဂဠုန်တပ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မိနစ် ၃၀ ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၃ လောင်းနဲ့ G-3 မောင်းပြန် ရိုင်ဖယ် ၄ လက် 7.62 ကျည် အမျိုးအစား ၅၄ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ လက်ပစ်ဗုံး ၁ လုံး၊ လွယ်အိတ် ၁ လုံး ကျည်ကတ် ၆ ခု သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

သိမ်ဆည်းရရှိတဲ့ လက်နက်တွေကို တရားသောစစ်မှာ ဆက်လက်အသုံးပြုမယ်လို့လည်း ဂဠုန်တပ်တော်က ဆိုပါတယ်။

ရဲစခန်းကို စီးနင်းပြီးနောက် စစ်ကောင်စီက MI-35 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့သလို လက်ရှိမှာလည်း မုံရွာဘက်ကနေ အင်အားဖြည့်ပြီး ဘုတလင်နယ်ဘက် လာနေတယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။

စစ်အုပ်စုက စခန်းသိမ်းခံရပြီးရင် အနီးဝန်းကျင်ကို အကြမ်းဖက် မီးရှို့ဖျက်ဆီးတာတွေ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်လေ့ရှိတာကြောင့် ဒေသခံတချို့လည်း စိုးရိမ်ပြီး ထွက်ပြေးနေကြပါတယ်။ စစ်အုပ်စုဘက်ကတော့ ဘုတလင်မြို့ပေါ်က လမ်းတချို့ ပိတ်ကာ အတင်းအကျပ် တားဆီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ကူတော်ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က တပ်ခွဲမှူး အပါအဝင် အများအပြား သေတယ်လို့ ဘုတလင် PDF က ထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up