close

ကူဝိတ်

close

November 18, 2021

လွတ်ငြိမ်းချမ်းသာခွင့်ကြေညာပြီးနောက် အတိုက်အခံအချို့ ကူဝိတ်နိုင်ငံ ပြန်ရောက်လာ

ကူဝိတ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးအပြီးမှာ ကူဝိတ်အစိုးရနဲ့ သဘောထားကွဲလွဲသူ ၃ ယောက်ထက် မနည်း ကူဝိတ်နိုင်ငံဆီ နိုဝင်ဘာ ၁၅ ရက်က ပြန်ရောက်လာပါတယ်။

ဒါဟာ အတိုက်အခံတွေနဲ့ တင်းမာမှု ပြေလျော့စေရေး ကူဝိတ်စော်ဘွား ရှိတ်ခ် နာဝပ်ဖ် အယ်လ်အာမဒ် အယ်လ်ဆာဘာရဲ့ အားထုတ်မှု အစိတ်အပိုင်းလည်းဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က လွှတ်တော် အဆောက်အဦကို ဝင်ရောက် စီးနင်းခဲ့မှုမှာ ပါဝင်ခဲ့သလို၊ အစိုးရရဲ့ တလွဲစီမံမှုနဲ့ အဂတိလိုက်စားမှုကို ဆန့်ကျင် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အတွက် တရားစွဲ ခံခဲ့ရတဲ့သူ ၃ယောက်ဟာလည်း ကူဝိတ် နိုင်ငံတကာ လေဆိပ်ဆီကို တနင်္လာနေ့က ရောက်လာပါတယ်။

သူတို့၃ယောက်ကို ကြိုဆိုဖို့ ထောက်ခံသူတွေနဲ့ ဒေသခံ သတင်းထောက်တွေ လေဆိပ်မှာ စုရုံးခဲ့ပါတယ်၊၊

ကူဝိတ်စော်ဘွားဟာ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုကို ပိတ်ဆို့နေတဲ့ နိုင်ငံရေးအခြေအနေကို အဆုံးသတ်ဖို့ အတိုက်အခံတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျော ခဲ့တာပါ။

တူရကီနိုင်ငံထဲမှာ ဆယ်နှစ်ကျော် ပြည်ပြေးဖြစ်နေတဲ့ နိုင်ငံရေးသမား ၁၁ ယောက် အပါအဝင် အစိုးရနဲ့ သဘောထား ကွဲလွဲသူ ၃၅ ယောက်ကို ပြစ်ဒဏ် လျှော့ချပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အမိန့် ၂ရပ်ကို နိုဝင်ဘာ ၁၃ ရက်မှာ စော်ဘွားက ထုတ်ပြန်ခဲ့ပါတယ်။

တော်ဝင်မိသားစုဝင်ဖြစ်တဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဆာဘာ အယ်လ်ခါလစ် အယ်လ် ဆာဘာကို လွှတ်တော်က ကိုဗစ်-၁၉  ကပ်ဘေး ကိုင်တွယ်ရေးနဲ့ ၂၀၂၂ မှာ အဆုံးသတ်ချိန် မတိုင်ခင် အဂတိလိုက်စားမှုတွေနဲ့ မေးခွန်းထုတ်ခဲ့လို့  နိုင်ငံရေး ချောင်ပိတ်မိ နေခဲ့တာပါ။

ကူဝိတ်စော်ဘွားဟာ ဝန်ကြီးချုပ် ရှိတ်ခ် ဆာဘာရဲ့ အစိုးရက တင်သွင်းတဲ့ နုတ်ထွက်စာကို နိုဝင်ဘာ ၁၄ ရက်မှာ လက်ခံခဲ့ပြီး အတိုက်အခံတွေနဲ့ ရန်စ အဆုံးသတ်ရေး နောက်ထပ် ခြေတလှမ်း လှမ်းခဲ့ပါတယ်။

ကူဝိတ်အစိုးရဟာ နိုင်ငံရေး တင်းမာမှု ပြေလျော့စေရေး ရည်ရွယ်ပြီး အီရန်နဲ့ လက်ဘနွန်နိုင်ငံထဲက ဟဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့တို့အတွက် သူလျှိုလုပ်ပေးခဲ့လို့ ၂၀၁၆ မှာ တရားစွဲထားတဲ့ လူတွေ အပါအဝင် ထောင်သား တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုဝင်ဘာ ၁၄ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

11 mins Ago

October 9, 2020

ကူဝိတ်လုံခြုံရေးအကြီးအကဲဟောင်း အိမ်ရှေ့မင်းသား ဖြစ်လာ

ကူဝိတ်အစိုးရရဲ့လုံခြုံရေးအကြီးအကဲဟောင်းကို အိမ်ရှေ့မင်းသားအဖြစ် လွှတ်တော်က အောက်တိုဘာ ၈ ရက်မှာ  တခဲနက်ထောက်ခံအတည်ပြုခဲ့ပါတယ်။  ကူဝိတ်စော်ဘွားက  အိမ်ရှေ့မင်းသားအဖြစ် ရှိတ်မက်ရှား-အယ်အာမက်ကို အမည်စာရင်း တင်သွင်းပြီး နောက်နေ့မှာပဲ လွှတ်တော်က အတည်ပြုခဲ့တာပါ။  ကူဝိတ်ရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ ဆော်ဒီနဲ့အီရန်ကြားတင်းမာမှု မြင့်တက်နေပြီး  ရေနံဈေး ကျဆင်းတဲ့အတွက် အထိနာနေတဲ့ ဘဏ္ဍာရေးကို အစိုးရက ကျားကန်ဖို့ ကြိုးပမ်းနေချိန်မှာပဲ  ရှိတ်နဝပ်ဖ်  အယ်အာမက် အယ်ဆာဘာဟာ စော်ဘွား ဖြစ်လာပါတယ်။  အသက် ၈၃ နှစ်အရွယ် ကူဝိတ်စော်ဘွားဟာ သူရဲ့တာဝန်အတော်များများကို အိမ်ရှေ့ မင်သား ရှိတ်မက်ရှားအယ်အာမက်ထံ တာဝန်ခွဲပေးနိုင်တယ်လို့ သံတမန်တွေနဲ့ လေ့လာသူတွေက ဆိုကြပါတယ်။    ရှိတ်မက်ရှား အယ်အာမက်ဟာ ၂၀၀၄ ခုနှစ်မှာ အမျိုးသားလုံခြုံရေးအဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ ဖြစ်လာပြီး ကူဝိတ်လုံခြုံရေးအကြီးအကဲအဖြစ်  ၁၃ နှစ်ကြာ တာဝန်ထမ်းခဲ့တယ်လို့ ရိုက်တာ ဖော်ပြပါတယ်။  
1 year Ago
Up