လွတ်ငြိမ်းချမ်းသာခွင့်ကြေညာပြီးနောက် အတိုက်အခံအချို့ ကူဝိတ်နိုင်ငံ ပြန်ရောက်လာ

ကူဝိတ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးအပြီးမှာ ကူဝိတ်အစိုးရနဲ့ သဘောထားကွဲလွဲသူ ၃ ယောက်ထက် မနည်း ကူဝိတ်နိုင်ငံဆီ နိုဝင်ဘာ ၁၅ ရက်က ပြန်ရောက်လာပါတယ်။
ဒါဟာ အတိုက်အခံတွေနဲ့ တင်းမာမှု ပြေလျော့စေရေး ကူဝိတ်စော်ဘွား ရှိတ်ခ် နာဝပ်ဖ် အယ်လ်အာမဒ် အယ်လ်ဆာဘာရဲ့ အားထုတ်မှု အစိတ်အပိုင်းလည်းဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က လွှတ်တော် အဆောက်အဦကို ဝင်ရောက် စီးနင်းခဲ့မှုမှာ ပါဝင်ခဲ့သလို၊ အစိုးရရဲ့ တလွဲစီမံမှုနဲ့ အဂတိလိုက်စားမှုကို ဆန့်ကျင် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အတွက် တရားစွဲ ခံခဲ့ရတဲ့သူ ၃ယောက်ဟာလည်း ကူဝိတ် နိုင်ငံတကာ လေဆိပ်ဆီကို တနင်္လာနေ့က ရောက်လာပါတယ်။
သူတို့၃ယောက်ကို ကြိုဆိုဖို့ ထောက်ခံသူတွေနဲ့ ဒေသခံ သတင်းထောက်တွေ လေဆိပ်မှာ စုရုံးခဲ့ပါတယ်၊၊
ကူဝိတ်စော်ဘွားဟာ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုကို ပိတ်ဆို့နေတဲ့ နိုင်ငံရေးအခြေအနေကို အဆုံးသတ်ဖို့ အတိုက်အခံတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျော ခဲ့တာပါ။
တူရကီနိုင်ငံထဲမှာ ဆယ်နှစ်ကျော် ပြည်ပြေးဖြစ်နေတဲ့ နိုင်ငံရေးသမား ၁၁ ယောက် အပါအဝင် အစိုးရနဲ့ သဘောထား ကွဲလွဲသူ ၃၅ ယောက်ကို ပြစ်ဒဏ် လျှော့ချပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အမိန့် ၂ရပ်ကို နိုဝင်ဘာ ၁၃ ရက်မှာ စော်ဘွားက ထုတ်ပြန်ခဲ့ပါတယ်။
တော်ဝင်မိသားစုဝင်ဖြစ်တဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဆာဘာ အယ်လ်ခါလစ် အယ်လ် ဆာဘာကို လွှတ်တော်က ကိုဗစ်-၁၉ ကပ်ဘေး ကိုင်တွယ်ရေးနဲ့ ၂၀၂၂ မှာ အဆုံးသတ်ချိန် မတိုင်ခင် အဂတိလိုက်စားမှုတွေနဲ့ မေးခွန်းထုတ်ခဲ့လို့ နိုင်ငံရေး ချောင်ပိတ်မိ နေခဲ့တာပါ။
ကူဝိတ်စော်ဘွားဟာ ဝန်ကြီးချုပ် ရှိတ်ခ် ဆာဘာရဲ့ အစိုးရက တင်သွင်းတဲ့ နုတ်ထွက်စာကို နိုဝင်ဘာ ၁၄ ရက်မှာ လက်ခံခဲ့ပြီး အတိုက်အခံတွေနဲ့ ရန်စ အဆုံးသတ်ရေး နောက်ထပ် ခြေတလှမ်း လှမ်းခဲ့ပါတယ်။
ကူဝိတ်အစိုးရဟာ နိုင်ငံရေး တင်းမာမှု ပြေလျော့စေရေး ရည်ရွယ်ပြီး အီရန်နဲ့ လက်ဘနွန်နိုင်ငံထဲက ဟဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့တို့အတွက် သူလျှိုလုပ်ပေးခဲ့လို့ ၂၀၁၆ မှာ တရားစွဲထားတဲ့ လူတွေ အပါအဝင် ထောင်သား တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုဝင်ဘာ ၁၄ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။