မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉ ယောက် ထပ်မံ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက် ညပိုင်း မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၄,၂၀၇ ခုကို စစ်ဆေးခဲ့ချိန်မှာ အတည်ပြုလူနာသစ်အယောက် ၄၀ တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၂၁ ရာခိုင်နှုန်း ရှိနေခဲ့တာပါ။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ မရှိတာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၃၄ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၄,၀၉၂ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၂,၈၉၈ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားသတင်းထုတ်ထားပါတယ်။
အရှေ့တောင်အာရှဒေသတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း လူနာသစ်တွေ့ရှိမှု မြင့်တက်လာချိန်မှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ B.A.5 နဲ့ B.A.4 ဖြစ်ပွားနှုန်း များပြားလာခြင်းတို့ ဆက်စပ်မှုရှိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီးတယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်တွေကို နေ့စဉ်ထုတ်ပြန်နေတာကို တွေ့ရပြီး ခုရက်ပိုင်းမှာတော့ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်း လောက်တောင် မရှိတော့ဘဲ သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်က စတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ခွဲနီးပါးကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက် ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ အကြမ်းဖက်စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ လက်ရှိအချိန်ထိ အသက် ၁၈ နှစ်အထက် လူဦးရေသန်း ၃၀ ကျော် ထိုးနှံပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကူးစက်ခံထားရသူ ၉ ဦး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“ရန်ကုန်ကို ၁၂ ဦး စစ်ဆေးခိုင်းရာမှာ ၉ ဦး မှာ အိုမီခရွန် တွေ့တာ” လို့ စစ်ကောင်စီ ပြည်နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အိုမီခရွန်ကူးစက်ခံရသူတွေကတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ စစ်တွေတက္ကသိုလ်မှဝန်ထမ်း ၄ ဦးနဲ့ လေယာဉ်စီးခရီးသည် ၅ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်က စစ်တွေတက္ကသိုလ်ဝန်ထမ်း ၅၀ ကျော်နဲ့ လေယာဉ်စီးခရီးသည် ၁၀ ကျော်တို့မှာ ကိုဗစ်ပိုးတွေ့ရှိပြီး အဲဒီထဲက သံသယရှိသူ ၁၂ ဦးရဲ့ နှာခေါင်းနဲ့အာခေါင်တို့ပတ်တို့ကို ရန်ကုန်ပို့ဆောင်စစ်ဆေးခဲ့ရာ ၉ ဦးမှာ အိုမီခရွန်တွေ့ရှိခဲ့တာပါ။
“၉ ဦး အိုမီခရွန်ပိုးတွေ့တယ်ဆိုတော့ ကျန်တဲ့သူတွေမှာလည်း အိုမီခရွန်တွေ့ဖို့ ရာခိုင်းနှုန်းများသွားပါပြီ” လို့ ရခိုင်ပြည်နယ် ကိုဗစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မနေ့ကအထိ ကိုဗစ်ပိုးတွေ့သူ ၅,၄၃၆ ဦးနဲ့ သေဆုံးသူ ၅၀၁ ဦးရှိကြောင်း စစ်ကောင်စီရဲ့ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာအယောက် ၃၅၀ နီးပါး ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။