close

ရခိုင်ပြည်နယ်တွင် အိုမီခရွန် ကူးစက်ခံရသူ ၉ ဦး စတွေ့

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကူးစက်ခံထားရသူ ၉ ဦး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ရန်ကုန်ကို ၁၂ ဦး စစ်ဆေးခိုင်းရာမှာ ၉ ဦး မှာ အိုမီခရွန် တွေ့တာ” လို့ စစ်ကောင်စီ ပြည်နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အိုမီခရွန်ကူးစက်ခံရသူတွေကတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ စစ်တွေတက္ကသိုလ်မှဝန်ထမ်း ၄ ဦးနဲ့ လေယာဉ်စီးခရီးသည် ၅ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က စစ်တွေတက္ကသိုလ်ဝန်ထမ်း ၅၀ ကျော်နဲ့ လေယာဉ်စီးခရီးသည် ၁၀ ကျော်တို့မှာ ကိုဗစ်ပိုးတွေ့ရှိပြီး အဲဒီထဲက သံသယရှိသူ ၁၂ ဦးရဲ့ နှာခေါင်းနဲ့အာခေါင်တို့ပတ်တို့ကို ရန်ကုန်ပို့ဆောင်စစ်ဆေးခဲ့ရာ ၉ ဦးမှာ အိုမီခရွန်တွေ့ရှိခဲ့တာပါ။

“၉ ဦး အိုမီခရွန်ပိုးတွေ့တယ်ဆိုတော့ ကျန်တဲ့သူတွေမှာလည်း အိုမီခရွန်တွေ့ဖို့ ရာခိုင်းနှုန်းများသွားပါပြီ” လို့ ရခိုင်ပြည်နယ် ကိုဗစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မနေ့ကအထိ ကိုဗစ်ပိုးတွေ့သူ ၅,၄၃၆ ဦးနဲ့ သေဆုံးသူ ၅၀၁ ဦးရှိကြောင်း စစ်ကောင်စီရဲ့ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာအယောက် ၃၅၀ နီးပါး ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up