ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ၃ ခုဖြစ်တဲ့ ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ်အတွင်းက ရေး(ဝင်းရေး)မြို့နယ်တွေကို စစ်ကောင်စီက Martial Law စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖေဖော်ဝါရီ ၂ ရက်နေ့က သတ်မှတ်လိုက်ပါတယ်။
တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီတပ်တွေက နယ်မြေကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့အတွက် KNLA၊ KNDO၊ ကော်သူးလေတပ်မတော်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ် ၃ မြို့နယ်ကို အခုလို Martial Law စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို အာဏာအပ်နှင်းလိုက်တာပါ။
စစ်ကောင်စီက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာတွေကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ စစ်အုပ်ချုပ်ရေး မာရှယ်လောအာဏာကျင့်သုံးဖို့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးအောင်လင်းဒွေးရဲ့ အမိန့်အရ အပ်နှင်းပြီး ထုတ်ပြန်ထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ ဒေသခံပြည်သူတဦးက “အခု သူတို့ထုတ်ပြန်ထားတဲ့ နေရာဒေသတွေက ခေတ်အဆက်ဆက် စစ်တပ် အနိုင်ကျင့်တာခံခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေ။ စစ်တပ်က နောက်ဆုံးအခြေအနေတခု ရောက်နေပြီဆိုတာ ပြလိုက်တာပဲ။ လက်တွေ့မှာလည်း တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က အကြမ်းဖက်နေကျ မာရှယ်လောထုတ်ပြီး သက်သေပြလိုက်တာ” လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “စစ်တပ်က နဂိုကတည်းက အာဏာသိမ်းပြီး အုပ်ချုပ်နေတာပဲ။ တခုတော့ရှိတယ်။ စစ်ခုံရုံးလုပ်ပြီး ပြည်သူတွေကို သေဒဏ်ပေးတာတွေ လုပ်လာနိုင်တဲ့ အခြေအနေတခု ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာတော့ ထူးထူးခြားခြားဖြစ်သွားမှာမဟုတ်ဘူး”လို့ ပြောပါတယ်။
အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နစက က တိုင်းနဲ့ ပြည်နယ် ၈ ခုထဲက မြို့နယ် ၃၇ မြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ် (၁/၂၀၂၃) (၂/၂၀၂၃) (၃/၂၀၂၃) (၄/၂၀၂၃) (၅/၂၀၂၃) (၆/၂၀၂၃) တို့ဖြင့် စစ်အုပ်ချုပ်ရေး အပ်နှင်းလိုက်တယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်အဖြစ် သတ်မှတ်လိုက်တဲ့ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA၊ KNDO၊ ကော်သူးလေတပ်မတော်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ ဒီကနေ့အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ ဖာပွန် (မူတြော်) ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုအတွင်းကို မတ် ၂၇ ရက် မနက် ၂ နာရီလောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
လူသောမြို့နယ်အတွင်းက ဒေဘုနိုကျေးရွာ အထက်တန်းကျောင်းဝင်းဟောင်းနဲ့ ထီးလေးကွီးကျေးရွာအတွင်းကို စစ်ကောင်စီက လေယာဉ် ၂ စီးနဲ့ ဗုံးတစ်လုံးစီ လာရောက်ကြဲချခဲ့တဲ့အတွက် လူနေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထီးလေးကွီးကျေးရွာသားတဦးက “လာရောက်ဗုံးကြဲတဲ့အချိန်မှာ ရွာသားတွေအကုန်လုံးက တိမ်းရှောင်နေတော့ ထိခိုက်တာမရှိဘူး။ လူမနေတဲ့အိမ်တွေနဲ့ ကျောင်းဆောင်တော့ ထိမှန်ပျက်စီးကုန်တယ်။ စစ်တပ်က အခုလိုလုပ်တာကတော့ အရပ်သားပြည်သူအပေါ် လူမဆန်တဲ့ လုပ်ရပ်လို့ ပြောချင်တယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မတ် ၂၇ ရက်နေ့ကလည်း စစ်ကောင်စီက အဲဒီရွာတွေကို လာရောက်ဗုံးကြဲခဲ့ဖူးပြီး အခုက ဒုတိယအကြိမ်ဖြစ်တယ်လို့ ကေအန်ယူတာဝန်ရှိသူက ဆိုပါတယ်။
အလားတူ ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာတွေကို မတ် ၂၆ ရက် မနက် ၁ နာရီလောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးကပလယ်ကျေးရွာအနီးက စစ်ကောင်စီရဲ့ စကခ- ၁၂ လက်အောက်ပူးပေါင်းစခန်းထိုင်နေတဲ့ ခမရ-၅၅၅ တပ်ရင်းနဲ့ ရတခ လက်အောက်ခံ ခလရ-၃၂ တပ်ရင်းတွေကို မတ် ၂၅ ရက် မနက် ၆ နာရီကျော်လောက်မှာ KNLA- ၁၀၃ တပ်ရင်း၊ KNDO လုံခြုံရေးတပ်ရင်းနဲ့ DKBA တို့ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက မြေပြင်လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့သလို လေကြောင်းကနေ တိုက်လေယာဉ် ၂ စီးနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် သဝေါသော၊ ထီးကပလယ်နဲ့ ဥကရိခီးကျေးရွာက အိမ်ထောင်စု ၁၀၀ ကျော်လောက် ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ နေထိုင်စားသောက်ရေး၊ အရေးပေါ်ဆေးဝါးနဲ့ သောက်သုံးရေ စတာတွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။