close

ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အချို့ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ ဖာပွန် (မူတြော်) ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုအတွင်းကို မတ် ၂၇ ရက် မနက် ၂ နာရီလောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်  လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

လူသောမြို့နယ်အတွင်းက ဒေဘုနိုကျေးရွာ အထက်တန်းကျောင်းဝင်းဟောင်းနဲ့ ထီးလေးကွီးကျေးရွာအတွင်းကို စစ်ကောင်စီက လေယာဉ် ၂ စီးနဲ့ ဗုံးတစ်လုံးစီ လာရောက်ကြဲချခဲ့တဲ့အတွက် လူနေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထီးလေးကွီးကျေးရွာသားတဦးက “လာရောက်ဗုံးကြဲတဲ့အချိန်မှာ ရွာသားတွေအကုန်လုံးက တိမ်းရှောင်နေတော့ ထိခိုက်တာမရှိဘူး။ လူမနေတဲ့အိမ်တွေနဲ့ ကျောင်းဆောင်တော့ ထိမှန်ပျက်စီးကုန်တယ်။ စစ်တပ်က အခုလိုလုပ်တာကတော့ အရပ်သားပြည်သူအပေါ် လူမဆန်တဲ့ လုပ်ရပ်လို့ ပြောချင်တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ် ၂၇ ရက်နေ့ကလည်း စစ်ကောင်စီက အဲဒီရွာတွေကို လာရောက်ဗုံးကြဲခဲ့ဖူးပြီး အခုက ဒုတိယအကြိမ်ဖြစ်တယ်လို့ ကေအန်ယူတာဝန်ရှိသူက ဆိုပါတယ်။

အလားတူ ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာတွေကို မတ် ၂၆ ရက် မနက် ၁ နာရီလောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးပျက်စီးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ထီးကပလယ်ကျေးရွာအနီးက စစ်ကောင်စီရဲ့ စကခ- ၁၂ လက်အောက်ပူးပေါင်းစခန်းထိုင်နေတဲ့ ခမရ-၅၅၅ တပ်ရင်းနဲ့ ရတခ လက်အောက်​ခံ ခလရ-၃၂ တပ်ရင်းတွေကို မတ် ၂၅ ရက် မနက် ၆ နာရီကျော်လောက်မှာ KNLA- ၁၀၃ တပ်ရင်း၊ KNDO လုံခြုံရေးတပ်ရင်းနဲ့ DKBA တို့ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက မြေပြင်လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့သလို လေကြောင်းကနေ တိုက်လေယာဉ် ၂ စီးနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် သဝေါသော၊ ထီးကပလယ်နဲ့ ဥကရိခီးကျေးရွာက အိမ်ထောင်စု ၁၀၀ ကျော်လောက်  ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ နေထိုင်စားသောက်ရေး၊  အရေးပေါ်ဆေးဝါးနဲ့ သောက်သုံးရေ စတာတွေ  အရေးတကြီး လိုအပ်နေတယ်လို့  စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up