close

ကောက်ပဲသီးနှံ

close

May 9, 2023

ပင်လယ်နက်ဖြတ်ကျော် ကောက်ပဲသီးနှံသယ်ယူရေး သဘောတူညီချက်ကို ရုရှားရပ်တန့်

ရုရှားဟာ ပင်လယ်နက်ထဲကို ဝင်လာမယ့် သင်္ဘောတွေကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ရင်း ပင်လယ်နက်ကိုဖြတ်သန်းပြီး ကောက်ပဲသီးနှံသယ်ဖို့ သဘောတူညီချက်ကို ထိထိရောက်ရောက် ရပ်တန့်လိုက်ပြီလို့ ယူကရိန်း ပြန်လည်တည်ဆောက်ရေးဝန်ကြီးဌာနက မေ ၈ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားရဲ့ ဒီလုပ်ရပ်က လက်ရှိသဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကို ဆန့်ကျင်နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကို မနှစ်က ရုရှားက ကျူးကျော်ပြီးတဲ့နောက် ပိတ်ဆို့ထားပေမဲ့ အဲဒီထဲက ၃ ခုကို ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လက ပြန်ဖွင့်ပေးခဲ့ပါတယ်။

ကုန်တင်ဆောင်ဖို့ သင်္ဘော ၆၂ စင်း အပါအဝင် သင်္ဘောအစီး ၉၀ ဟာ ယူကရိန်း ဆိပ်ကမ်းတွေဆီ သွားဖို့ ခွင့်ပြုချက်အတွက် တူရကီရေပိုင်နက်မှာ စောင့်ဆိုင်းနေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

သဘောတူညီချက်ဟာ မေ ၁၈ ရက်မှာ သက်တမ်းကုန်ဆုံးမှာပါ။ ရုရှားအစိုးရကတော့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြေလျှော့ဖို့ ရည်ရွယ်ထားတဲ့ သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တူရကီနဲ့ ကုလသမဂ္ဂတို့ကတော့ သဘောတူညီချက်ကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။

7 mins Ago

May 8, 2023

မုန်တိုင်းဝင်နိုင်သဖြင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ကြိုတင်ပြင်ဆင်ရန် သတိပေး

ဖြစ်ပေါ်လာနိုင်တဲ့ ဆိုက်ကလုန်းမုန်တိုင်းရဲ့အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ မိုးကြီးတာ ရုတ်တရက်ရေကြီးတာတို့ ဖြစ်ပေါ်နိုင်လို့  သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ ထိခိုက် ပျက်စီး ဆုံးရှုံးမှု မဖြစ်စေရေး လိုအပ်တဲ့ အကာအကွယ် အစီအမံတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့  နှမ်းကုန်သည်များအသင်းက သတိပေးစာ ထုတ်ပြန်ထားပါတယ်။

မေလ ၉ ရက်နေ့ နောက်ပိုင်း  မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း၊ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီ ဒေသတွေကို  တနာရီလေတိုက်နှုန်း မိုင် (၉၀ မှ ၁၂၀) အထိ ပြင်းအားရှိတဲ့ လေမုန်တိုင်း ဝင်ရောက်လာနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပ မိုးလေဝသအဖွဲ့တွေက ခန့်မှန်းထုတ်ပြန်ထားကြတာဖြစ်ပါတယ်။

ဒါ့ကြောင့် မုန်းတိုင်းဘေးကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရူံးမှု မရှိစေရေးအတွက် လိုအပ်တဲ့ သဘာဝဘေးအန္တရာယ် အကာအကွယ်၊ အစီအမံတွေ ကြိုတင်ထားကြဖို့ စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့အချို့က သတိပေးထားပါတယ်။

အလားတူ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူတွေကို အမိုးအကာတွေအောက်နဲ့ သဘာဝဘေးအန္တရာယ်ကနေ ကင်းလွတ်နိုင်မယ့် နေရာတွေမှာ ဆန်စပါးတွေကို စနစ်တကျ သိုလှောင်မှု ပြုလုပ်ထားဖို့နဲ့ သိုလှောင်ရုံ အတွင်း အောက်ခြေမှာ ရေကြီးမှု၊ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လေ့ရှိတာကြောင့် သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် နွေစပါး ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲနဲ့ ရိတ်သိမ်းဖို့ ကျန်ရှိနေတဲ့ နေရာတွေ အထူးသဖြင့် ကမ်းရိုးတန်း အနီးတဝိုက်ဒေသတွေမှာ နွေစပါး ရိတ်သိမ်းသိုလှောင်မှုတွေကို ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်စပါးကုမ္ပဏီတွေ အနေနဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေ၊ စိုက်ပျိုးရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းညှိနှိုင်းပြီး တောင်သူတွေကို တတ်နိုင်သမျှ ကူညီပေးဖို့လည်း တိုက်တွန်းထားပါတယ်။

အသင်းချုပ်အနေနဲ့လည်း အရန်ရိက္ခာ ဆန်စပါး စုဆောင်းထားတာ၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်ညိုနှိုင်း ဆောင်ရွက်တာတွေ ပြုလုပ်ထားကြောင်း ထုတ်ပြန်အသိပေးထားပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ လာမယ့် ၁၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း၊နဲ့ အဆိုပါ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာနိုင်ပြီး မေ ၉ ရက်မှာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ဟာ မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး မေ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို အားကောင်းလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

အခု ၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ လူပေါင်းသိန်းချီအသက်ဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်မှု ၁၅ နှစ် ပြည့်တဲ့ နှစ်လည်း ဖြစ်ပါတယ်။

1 day Ago
Up