close

ကော်လိုရာဒို

close

December 21, 2022

ကော်လိုရာဒိုပြည်နယ်တွင် တောမီးကြောင့် ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဘိုလ်ဒါးမြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက်က စတင်ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လူရာပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အခု ၂၅ ရာခိုင်နှုန်းကို ထိန်းထားနိုင်တယ်လို့ ဘိုလ်ဒါးမြို့နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဆန်းရှိုင်းချောက်နားက ဆန်းရှိုင်းတောရိုင်းမြေမှာရှိတဲ့ အဆောက်အဦတခုကနေ တောမီး စလောင်ကျွမ်းခဲ့တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပေမဲ့ ဘာကြောင့် ဘယ်လိုစလောင်ခဲ့တယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မျက်မြင်သက်သေတွေက တောမီးလောင်တဲ့နေရာက ထွက်ပေါ်လာတဲ့ အဖြူရောင်မီးခိုးတွေကို ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ အွန်လိုင်းပေါ်က ဗီဒီယိုတချို့မှာ မီးလောင်ကျွမ်းနေတဲ့ ဧရိယာကို စုဝေးရောက်ရှိလာကြတဲ့ နေရာရွှေ့ပြောင်းပေးနေတဲ့ ကားတွေနဲ့ အရေးပေါ်ယာဉ်တွေ တန်းစီနေတာကို တွေ့ရပါတယ်။

တောမီးဟာ ခန့်မှန်းခြေ ၁၆ ဧကကနေ ၁၈ ဧကအထိ လောင်ကျွမ်းသွားကြောင်း ဘိုလ်ဒါး အရေးပေါ်စီမံခန့်ခွဲရေးရုံးက ဆိုပါတယ်။

လက်ရှိ တောမီးလောင်ကျွမ်းမှုကြောင့် ၂၀၂၁ ခုနှစ်က ကော်လိုရာဒိုပြည်နယ်ရှိ မြို့ ၂ မြို့ တလျှောက် နာရီပိုင်းအတွင်း အိမ်ခြေ ၁,၀၀၀ နီးပါးနဲ့ မြေဧက ၆,၀၀၀ လောက်ကို ပျက်စီးဆုံးရှုံးစေခဲ့တဲ့ မာရှယ်တောမီးကို အမှတ်ရစရာတွေ ပြန်ဖြစ်လာရပါတယ်။

5 mins Ago

January 14, 2020

ကော်လိုရာဒိုတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၈ ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒိုစပရင်းဒေသမှာ ဇန်နဝါရီ ၁၃ ရက်က ဓားနဲ့တိုက်ခိုက်မှုအတွင်း လူ ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဓားနဲ့တိုက်ခိုက်မှုဟာ မနက်အစောပိုင်းမှာ ဖြစ်ခဲ့ပြီး အရေးပေါ် ဖုန်းခေါ်ဆိုမှုကြောင့် ရဲတပ်ဖွဲ့က သွားရာမှာ ဓားထိုးခံရသူ နှစ်ယောက်ကို တွေ့ခဲ့ပါတယ်။ ဓားနဲ့ တိုက်ခိုက်သူကို ရှာဖွေချိန်မှာပဲ ရဲတပ်ဖွဲ့ဟာ တိုက်ခိုက်ခံရသူတွေကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် မူရင်းအခင်းဖြစ်ရာနေရာကနေ တမိုင်လောက် အကွာမှာ ရဲတပ်ဖွဲ့က သံသယရှိသူကို တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် စုံစမ်းရေးကို လုပ်ဆောင်နေပြီး မည်းမည်းမြင်ရာကို ဓားနဲ့ တိုက်ခိုက်ပုံရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up