ကော်လိုရာဒိုပြည်နယ်တွင် တောမီးကြောင့် ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဘိုလ်ဒါးမြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက်က စတင်ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လူရာပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အခု ၂၅ ရာခိုင်နှုန်းကို ထိန်းထားနိုင်တယ်လို့ ဘိုလ်ဒါးမြို့နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
ဆန်းရှိုင်းချောက်နားက ဆန်းရှိုင်းတောရိုင်းမြေမှာရှိတဲ့ အဆောက်အဦတခုကနေ တောမီး စလောင်ကျွမ်းခဲ့တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပေမဲ့ ဘာကြောင့် ဘယ်လိုစလောင်ခဲ့တယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မျက်မြင်သက်သေတွေက တောမီးလောင်တဲ့နေရာက ထွက်ပေါ်လာတဲ့ အဖြူရောင်မီးခိုးတွေကို ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ အွန်လိုင်းပေါ်က ဗီဒီယိုတချို့မှာ မီးလောင်ကျွမ်းနေတဲ့ ဧရိယာကို စုဝေးရောက်ရှိလာကြတဲ့ နေရာရွှေ့ပြောင်းပေးနေတဲ့ ကားတွေနဲ့ အရေးပေါ်ယာဉ်တွေ တန်းစီနေတာကို တွေ့ရပါတယ်။
တောမီးဟာ ခန့်မှန်းခြေ ၁၆ ဧကကနေ ၁၈ ဧကအထိ လောင်ကျွမ်းသွားကြောင်း ဘိုလ်ဒါး အရေးပေါ်စီမံခန့်ခွဲရေးရုံးက ဆိုပါတယ်။
လက်ရှိ တောမီးလောင်ကျွမ်းမှုကြောင့် ၂၀၂၁ ခုနှစ်က ကော်လိုရာဒိုပြည်နယ်ရှိ မြို့ ၂ မြို့ တလျှောက် နာရီပိုင်းအတွင်း အိမ်ခြေ ၁,၀၀၀ နီးပါးနဲ့ မြေဧက ၆,၀၀၀ လောက်ကို ပျက်စီးဆုံးရှုံးစေခဲ့တဲ့ မာရှယ်တောမီးကို အမှတ်ရစရာတွေ ပြန်ဖြစ်လာရပါတယ်။