close

ကံပေါက်ဒေသခံ

close

April 8, 2023

တနင်္သာရီ တုံမခါရွာက နေအိမ်တလုံး မီးရှို့ခံရ၊ ကံပေါက်ဒေသခံတဦးကို စစ်တပ်က ပစ်သတ်

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာမှာ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဧပြီ ၆ ရက် မွန်းတည့် ၁၂ နာရီက ထုံမခါကျေးရွာအနီးရှိ စစ်ကောင်စီ ၅၆၁ တပ်ရင်းက အင်အား ၃ဝ ကျော်ပါ စစ်ကြောင်းဟာ ကျေးရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "၅၆၁ တပ်ရင်းကရွာနဲ့နီးတယ်ဆိုတော့ သူတို့ က လက်နက်ကြီးပစ်ပြီးတော့မှ ရွာထဲ စစ်ကြောင်း ထိုးဝင်တာပါ။ ရွာမှာက ရွာသားတွေ ပြေးနေရတော့ ဘယ်သူမှမရှိဘူး။ အိမ်တဆောင်ကို လည်း မီးရှို့သွားတယ်" လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မြိတ်-မောတောင်ကားလမ်းတွေမှာ စစ်ကောင်စီတပ်အင်အား တိုးချဲပြီး စစ်ကြောင်းထိုးလာတဲ့အပြင် ဒေသခံပြည်သူတွေရဲ့ကားတွေကို အသုံးပြုပြီး သွားလာ လှုပ်ရှားနေတယ်လို့ သိရပါတယ်။

မြိတ်-မောတောင်ကားလမ်းတလျှောက် မတ် ၂၈ ရက်ကစပြီး တိုက်ပွဲပေါင်း ၂ဝ ကျော်တဲ့အထိ ဖြစ်ပွားနေတာကြောင့် အဆိုပါလမ်းပိုင်းတွေကို ခရီးသွားလာနေတာတွေကိုလည်း ပိတ်ပင် ထားတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စု ဇာဒီ-ခေါင်ပြန်လမ်းပိုင်းမှာ ဧပြီ ၆ ရက် ညနေ ၄ နာရီက အသက် ၂၇ အရွယ်ရှိ ရော်ဘာခြံအလုပ်သမား ကိုအောင်ကို ဆိုင်ကယ်စီးနင်းလာစဉ် မောရဝတီရေတပ်မှ စစ်တပ်ကား ၃ စီးနဲ့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

ကိုအောင်ကို ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်ရော လူပါ စစ်တပ်ကားနဲ့ ကံပေါက်ဘက်ကို တင်ဆောင်သွားပြီး ဧပြီ ၇ ရက် မနက်ပိုင်းမှာ ဇာဒီရွာသုသာန်ကို အလောင်းပြန်လာပို့ပြီး ဈာပန အခမ်းအနားကို မိသားစုဝင်အတချို့နဲ့ အကျဉ်းချုံးလုပ်ခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဇာဒီရွာသားတဦးက  “မနက်ပိုင်း ရွာသုသာန်မှာ အလောင်းရောက်နေတယ်။ အသုဘ လုပ်ဖို့ကို မြန်မြန်စီစဉ်ခိုင်းတယ်။ မနက်ပိုင်းပဲ သင်္ဂြိုဟ်လိုက်ရတယ်” လို့ ပြောပါတယ်။ 

ဇာဒီရွာအပါအဝင် ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နဲ့ ပျူစောထီးအချို့ ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်လုံးဝမစီးခိုင်းဘဲ ကန့်သတ်ထားတာ ၂ လ ကျော်ကြာပြီဖြစ်ပြီး သွားလာရေးအခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ်စီးနင်းခွင့်ပိတ်ခံရပြီးနောက် ကံပေါက်တိုက်နယ် ဆင်ကူးရွာခရစ်ယာန် ဘုရားကျောင်းမှာ ဘုရားရှိခိုးဖို့လာတဲ့ မိုင် ၆၀ ရွာက သားအဖကို မင်းသားရွာ ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် သားဖြစ်သူ ထိမှန်ခဲ့ပြီး ထားဝယ်ဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကို အရေးပေါ် ပို့ဆောင်ကုသထားရတယ်လို့ မင်းသားရွာ ဒေသခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်  ဧပြီလကလည်း ကံပေါက်ရွာအပြင်ပတ်လမ်း(ရတနာလမ်း) မှာ ဆိုင်ကယ် မရပ်ပေးတဲ့ လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံပစ်ခတ်တာကြောင့် တဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့ပါသေးတယ်။

7 mins Ago

January 28, 2023

ကံပေါက်ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း  ဒေသခံတွေကို ဆက်တိုက် ဖမ်းဆီးနေတာမှာ အနည်းဆုံး ၁၀ ယောက်လောက် ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက် ညက ကံပေါက်ဒေသ ရပ်ကွက် ၃ ခုက သက်ကြီးပိုင်းတွေအပါအဝင် ဒေသခံအမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၉ ဦး ဖမ်းခံခဲ့ရပြီး မချိုချိုအောင်ဆိုသူ အမျိုးသမီး တဦးသာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက် ညပိုင်းမှာလည်း ကံပေါက်ဒေသ ဗိုလ်ချုပ်ရပ်ကွက်နဲ့ မဂ္ဂင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုမောင်မောင်နဲ့ မသိင်္ဂီစိုးတို့ကို စစ်ကောင်စီက လာဖမ်းသွားပါတယ်။ 

သူတို့ ၂ ဦးဟာ ကံပေါက်ဆေးရုံနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေအတွက် အောက်ဆီဂျင်နဲ့ သွေးအခမဲ့ကူညီပေးနေတဲ့ အာယုဒါနအသင်းက စေတနာ့ဝန်ထမ်းတွေဖြစ်ကြပြီး ဘာအတွက် ကြောင့် အဖမ်းခံရတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

အခုလို ဖမ်းဆီးမှုတွေမတိုင်ခင် ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ ကံပေါက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ တပည့်ဖြစ်သူ ပစ်ခတ်ခံရပြီး မောရဝတီရေတပ်ဆေးရုံမှာ ဆေးကုသ နေရပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူက လက်ထောက်ချ ဖမ်းဆီးခိုင်းမှုကြောင့် ဒေသခံးတွေ ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

2 months Ago
Up