close

ကျန်းမာရေးလုပ်သား

close

August 30, 2022

မောင်တော၌ INGO ကျန်းမာရေးလုပ်သားတဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တော​မြို့နယ် တရိန်း(မြို)ရွာနဲ့ ရခိုင်ကျေးရွာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးနဲ့ INGO ကျန်းမာရေးလုပ်သားတဦး သြဂုတ် ၂၉ ရက်နေ့ ညနေပိုင်းက မိုင်းနင်းမိပြီး  ခြေနှစ်ဖက်လုံး ပြင်းထန်စွာဒဏ်ရာရရှိသွားပြီး မောင်တောခရိုင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

ယခင်က စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ တရိမ်းကျေးရွာရဲ့ ၂ မိုင်ကျော် အကွာမှာ ဝါးသွားခုတ်စဥ် အခုလို မိုင်းနင်းမိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

မိုင်းနင်းမိပြီးဒဏ်ရာရရှိသူမှာ Malteser inter အဖွဲ့မှ အသက် ၂၉ နှစ်အရွယ်  ကိုစိန်ကြက်ဖြစ်ပြီး တရိန်းမြိုရွာနဲ့ ရခိုင်ရွာမှာ  ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ပေးခံထားရသူလည်း ဖြစ်ပါတယ်။

မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တဲ့ ကိုစိန်ကြက်က “တောင်ယာမှာ တဲဆောက်နေတော ဝါးမလုံလောက်ဘူး။ ဝါးသွားခုတ်တဲ့အခါ လမ်းမှာ မိုင်းနင်းမိတာပါ။ ဒီဒေသခံဆိုတော့ ဒီလိုတခါမှ မကြုံဖူးဘူး။ ရွာနဲ့ ၂ မိုင်ခွဲ ၃ မိုင်လောက်မှာ နင်းမိတာ။ မိုင်းနင်းမိတော့ သတိမေ့သွားတယ်။ အရင်တနေ့ကလည်း မိုင်းတလုံး ပေါက်တယ်။ နွားတကောင် ထိသွားတယ်။ အခုတဖန် နောက်တလုံး ပေါက်တာ။ ဆရာဝန်ကတော့ အရိုးအကြောတွေ ဘာမှမဖြစ်ဘူး၊ အသားတွေအားလုံး ကြွေမွသွားတယ်လို့ ပြောတယ်။ ဓာတ်မှန်ရိုက်ထားတယ်” လို့ ပြောပါတယ်။

ကျေးရွာအနီး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ဒေသခံရွာသားတွေ တောင်ယာမသွားဝံ့ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ 

“ဒေသခံအများစုက တောင်ယာနဲ့ အသက်မွေးကြတာဆိုတော့ အခုအချိန်မှာ ရွာပြင်တောင် မသွားရဲကြတော့ဘူး။ စိုးရိမ်မှုတွေ များသွားကြတယ်။” 

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ စစ်ကျန်လက်နက်နဲ့ မိုင်းပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၂ ဦးအထိ ရှိလာပြီလို့ အရပ်ဘက် အဖွဲအစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

32 mins Ago

August 17, 2021

အိုင်ဗရီကို့စ်တွင် ကျန်းမာရေးလုပ်သားများကို အီဘိုလာရောဂါကာကွယ်ဆေး ထိုးပေး

အိုင်ဗရီကို့စ်နိုင်ငံရဲ့ စီးပွားရေးမြို့တော်အဘစ်ဂျန်မှာ ကျန်းမာရေးလုပ်သားတွေကို  သြဂုတ် ၁၆ ရက်က အီဘိုလာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေပါတယ်။

လူသေစေနိုင်တဲ့ ဗိုင်းရပ်စ် လူတယောက်ကို ကူးစက်ခဲ့တယ်လို့ သီတင်းပတ်ကုန်ရက်က အတည်ပြုအပြီးမှာ ခုလို ကာကွယ်ဆေးထိုးပေးနေတာပါ။

အိမ်နိးချင်း ဂီနီနိုင်ငံကနေ ဘတ်စ်ကားစီးပြီး အဘစ်ဂျန်ကို ပြန်လာတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်နေတာကို သြဂုတ် ၁၄ ရက်က စမ်းသပ် တွေ့ရှိခဲ့တာပါ။

ဒါဟာ ၂၅ နှစ်အတွင်း အိုင်ဗရီကို့စ်မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံး အတည်ပြုချက်လည်း ဖြစ်ပါတယ်။

နိုင်ငံထဲမှာ အီဘိုလာရောဂါကာကွယ်ဆေး ထိုးဆေးလုံးရေ ၅,၀၀၀ ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောထားပါတယ်။

အဲဒီအမျိုးသမီးနဲ့ ထိတွေ့ထားတဲ့လူ ၉ ယောက်ကို ကျန်းမာရေး အာဏာပိုင်တွေက ဖော်ထုတ်ထားပြီး ကူးစက်ခံနဲ့ ထိတွေ့သံသယရှိသူတွေ ဆေးရုံရောက်နေပြီလို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

လူဦးရေ ၄ သန်းကျော် နေထိုင်ပြီး လူနေသိပ်သည်းတဲ့ အဘစ်ဂျန်မှာ ဗိုင်းရပ်စ်ကို တွေ့ရတာ နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်လို့ WHO က ပြောပါတယ်။

1 year Ago
Up