close

ကျန်းမာရေးဝန်ထမ်း

close

April 20, 2023

ကျန်းမာရေးဝန်ထမ်းများကို မတူပီ CDF ဖိတ်ခေါ်

ကျန်းမာရေးဝန်ထမ်းတွေ လုံ​လောက်မှု မရှိတာကြောင့် မိမိတတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲလိုတဲ့  ကျန်းမာရေးဝန်ထမ်းတွေကို မတူပီ CDF က ဖိတ်ခေါ်နေပါ တယ်။

လတ်တလောမှာတော့ စစ်ကောင်စီက ပြည်သူ့အာဏာမတရား သိမ်းပိုက်ပြီးနောက် လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲဝင်နေကြတဲ့ မတူပီ CDF မှာ ကျန်းမာရေး ဝန်ထမ်းတွေ လုံ​လောက်မှု မရှိတာကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ပွဲဝင် ရဲဘော်တွေရဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အကူအညီတွေ အထူးလိုအပ်နေတယ်လို့ ဆိုပါတယ်။

တာဝန်ထမ်းဆောင်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မတူပီ CDF ဌာနချုပ် (Camp Zion) မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမှာဖြစ်ပြီး မိသားစုရှိပါက စားဝတ်နေရေး တာဝန်ယူစီစဉ်ပေးမှာဖြစ်ကာ ပြည်တွင်း/ပြည်ပကနေ ရောက်လာပါကလည်း ခရီးစရိတ် တာဝန်ယူဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ချင်းပြည်နယ်ကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်တွေ စွဲကိုင်ပြီးတော့ ရှေ့တန်းကနေ စစ်အာဏာရှင်ကို တစိုက်မတ်မတ် ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ပြည်နယ်ဖြစ်ပြီး လက်ရှိအချိန်တိုင်အောင် နယ်မြေစိုးမိုးအုပ်ချုပ်ခွင့်ကို ရယူထားနိုင်တဲ့ ဒေသတခုဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်နေတဲ့ ဆေးလောကသားတွေကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကိုလည်း စစ်ကောင်စီက ကျူးလွန်နေပြီး စစ်အာဏာစသိမ်းတဲ့ အချိန်ကစပြီး ကျန်းမာရေးလုပ်သား အယောက် ၃၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၆၀၀ ကျော်ကတော့ ဖမ်းဝရမ်းထုတ်ခံရလို့ တိမ်းရှောင်နေကြရတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေး မှတ်တမ်းကွန်ရက် က ထုတ်ပြန်ထားပါတယ်။

လတ်တလော မတူပီ CDF မှာ တာဝန်ထမ်းဆောင်လိုကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ Chinland Defense Force-Matupi ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သလို ဖုန်းနံပါတ် +919362298491 ကိုလည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

8 mins Ago

March 17, 2023

အင်္ဂလန်ကျန်းမာရေးဝန်ထမ်းများ အစိုးရနှင့် လစာငွေသဘောတူပြီးနောက် သပိတ်အဆုံးသတ်

အင်္ဂလန်ရှိ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်စားပြုတဲ့သမဂ္ဂတွေဟာ အစိုးရနဲ့ လစာငွေ ကမ်းလှမ်းချက်ကို သဘောတူခဲ့ကြကြောင်း မတ်လ ၁၆ ရက်က ပူးတွဲထုတ်ပြန်ချက်မှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ အစိုးရပိုင်ဝန်ဆောင်မှုမှာ လပေါင်းများစွာ သပိတ်မှောက်ခဲ့ပြီး နောက်မှာ အငြင်းပွားမှုကို အဆုံးသတ်နိုင်မယ့် အလားအလာ ဖြစ်ပါတယ်။

သူနာပြုတွေနဲ့ လူနာတင်ယာဉ်လုပ်သားတွေ သာမက ဆရာဝန်တွေပါ အကျုံးဝင်တဲ့ သဘောတူညီချက်ဟာ ကျန်းမာရေးဝန်ဆောင်မှုအတွက် လုပ်ဆောင်နေတဲ့ သမဂ္ဂအဖွဲ့ဝင်တွေ အကြား မဲခွဲဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။

ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ် ဦးဆောင်တဲ့ အစိုးရဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက နိုင်ငံတွင်း အဆိုးရွားဆုံး အလုပ်သမားသပိတ်တွေကို နှိမ်နင်းဖို့ ဖိအားတွေနဲ့ ကြုံနေရပါတယ်။

ဒီသပိတ်တွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကနေ စာသင်ကျောင်းတွေနဲ့ နယ်စပ်စစ်ဆေးရေးကိစ္စတွေအထိ သာမန်လူနေမှုဘဝရဲ့ ကဏ္ဍတိုင်းကို ထိခိုက်စေခဲ့တာပါ။

ဘီဘီစီသတင်းတပုဒ်မှာတော့ ၂၀၂၂-၂၃ ခုနှစ်အတွက် တကြိမ်တည်း တလုံးတခဲ ပေးချေမှုကို “ပေါင် ၁,၀၀၀ အထက်” ကမ်းလှမ်းခဲ့ပြီး ၂၀၂၃-၂၄  ခုနှစ်အတွက် ၅ ရာခိုင်နှုန်းနီးနီး ပိုပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

၁၉၈၄ ခုနှစ်ကတည်းက အခမဲ့ အသုံးပြုနိုင်ပြီး ဗြိတိန်နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာ အရင်းအမြစ်တခုဖြစ်တဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန NHS ဟာ ဝန်ထမ်းအင်အား အကျပ်အတည်းနဲ့ ရုန်းကန်နေရပြီး သူ့ရဲ့စွမ်းဆောင်ရည်ပေါ်မှာလည်း ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်ဖိအားတွေကြောင့် သက်ရောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

1 month Ago
Up