close

ကျပ်သိန်း ၅၀

close

September 11, 2022

လက်နက်နှင့်အတူ CDM လုပ်လာသည့် စစ်သား ၂ ဦးကို ကျပ်သိန်း ၅၀ စီဂုဏ်ပြုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကနေ လက်နက်အပြည့်စုံနဲ့ CDM လုပ်လာတဲ့ စစ်သား နှစ်ဦးကို စက်တင်ဘာ ၁၀ ရက် မနက်က ကျပ်သိန်း ၅၀ စီ ဂုဏ်ပြုငွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်မြို့တနေရာမှာ ဂုဏ်ပြုငွေချီးမြှင့်ခဲ့တာဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံနဲ့ NUG ရဲ့ ဘုတလင်မြိုနယ် ပကဖ တို့ တက်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဂုဏ်ပြုပွဲလုပ်တာကတော့ စည်စည်ကားကားပါပဲဗျ။ အခုလို ပြည်သူနဲ့ တသားတည်း ပူးပေါင်းလာတော့ ကျနော်တို့ဒေသခံတွေကတော့ ဝမ်းသာတယ်၊ ဂုဏ်လည်းယူတယ်။ အရင်က စစ်ကောင်စီ လက်အောက်ခံတပ်တွေဆို လူချင်းတွေ့ရင်တောင် သက်ပစ်ခြင်တဲ့ စိတ်တွေရှိခဲ့တယ်။ အခုလို သူတို့အသိစိတ်နဲ့ သူတို့ဝင်လာတော့ ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်။ နောက်ထပ် CDM လုပ်လာမယ့် စစ်သားတွေလည်း ကျနော်တို့ဒေသခံတွေက ကူညီပေးဖို့ရာ အဆင်သင့်ပါ” လို့ ဘုတလင်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်ရင်း ၃၇၀ ကနေ အသက် ၁၉ နှစ်အရွယ် တပ်သားအဆင့်ရှိသူ ၂ ဦး လက်နက်နဲ့အတူ CDM လုပ်လာတာလို့ သိရပါတယ်။

ဘုတလင်ဒုံးပျံအဖွဲ့ခေါင်းဆောင်က “သူတို့ CDM လုပ်လာတာက စက်တင်ဘာ ၄ ရက်နေ့ည ‌၁၂ နာရီလောက် CDM လုပ်ပြီး ကျနော်တို့ဘက်ကို ဝင်လာတယ်။ အဲတာကို ကျနော်တို့ သွားကြိုခဲ့တယ်ဗျ။ CDM လုပ်ဝင်လာတာက တပ်သားအဆင့်နှစ်ယောက်ပါ။ သူတို့စီမှာက MA1 တလက်၊ MA2 တလက်၊ ကျည် ၄၀၀ ကျော်၊ လက်ပစ်ဗုံး ၅ လုံးနဲ့ နင်းမိုင်းတလုံးပါခဲ့တယ်ဗျ။ အခုလိုဝင်လာတဲ့ ပြည်သူ့စစ်သားကောင်းတွေကို ကျနော်တို့အနေနဲ့  လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်တခုကို ပို့ဆောင်နေပါပြီ” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်သားနှစ်ဦးရဲ့ လုံခြုံရေးအရ အမည်၊ ကိုယ်ပိုင်အမှတ်ကို ထုတ်ဖော်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ CDM စစ်သားတဦးက “ကျနော်တို့ ရေဦး၊ ဒီပဲယင်းမြို့နယ်တွေကို စစ်ကြောင်ထိုးရတယ်။ အဲလိုထိုးနေရင်း ကိုယ်မလုပ်ခြင်လည်း စစ်ကြောင်မှူး ဗိုလ်ကြီးက ခိုင်းတော့ ရွာတွေကို မီးရှိုခဲ့ရတယ်။ PDF တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့တာတွေလည်း ရှိခဲ့တယ်၊ အကျဆုံးတွေလည်းရှိတယ်။ အခုလို ကိုယ့်ပြည်သူတွေနဲ့တိုက်ခိုက်နေတဲ့အရာကြီးကို ဆက်မလုပ်နိုင်တော့လို့ အခုလို ထွက်လာရတာပါ။ အရင်ကလည်း အခုလို အကြိမ်ကြိမ် CDM လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဗိုလ်တွေက‌လည်း ထွက်ပြေးတဲ့စစ်သားဆိုရင် အသေပစ်သတ်ဖို့ အမိန့် ပေးထားတယ်။ အခုဟာကတော့ ကိုယ်ကင်း တာဝန်ယူရတဲ့အချိန်မှာ အခုလိုထွက်ပြေးလာရတာ” လို့ ပြောပါတယ်။

သူတို့အနေနဲ့ PDF အဖွဲ့က ခွင့်ပြုပေးပါက စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ် ။

မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့အနေနဲ့ NUG ရဲ့ ချမှတ်ထားတဲ့ ဥပဒေအတိုင်း ရှေ့ဆက်လုပ်ဆောင်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

1 hour Ago

March 27, 2022

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ စစ်ကောင်စီတပ်သားတဦးကို မင်းတပ် CDF က ကျပ်သိန်း ၅၀ ချီးမြှင့်

ချင်းပြည်နယ်မှာ လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ စစ်ကောင်စီတပ်သားတဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ တပ်သားဟာ အမ်အေ-၁ တလက်၊ ကျည်အိမ် ၄ ခု၊ ၅.၅၆ ကျည် ၂၁၆ တောင့်တို့နဲ့အတူ CDM ပြုလုပ်ကာ ဝင်ရောက်လာခဲ့တာဖြစ်ပြီး CDF-Mindat တပ်မဟာမှူးက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုငွေကျပ်သိန်း ၅၀ ထဲက ၁၅ သိန်းကို ပြည်သူ့တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

6 months Ago
Up