close

လက်နက်နှင့်အတူ CDM လုပ်လာသည့် စစ်သား ၂ ဦးကို ကျပ်သိန်း ၅၀ စီဂုဏ်ပြုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကနေ လက်နက်အပြည့်စုံနဲ့ CDM လုပ်လာတဲ့ စစ်သား နှစ်ဦးကို စက်တင်ဘာ ၁၀ ရက် မနက်က ကျပ်သိန်း ၅၀ စီ ဂုဏ်ပြုငွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်မြို့တနေရာမှာ ဂုဏ်ပြုငွေချီးမြှင့်ခဲ့တာဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံနဲ့ NUG ရဲ့ ဘုတလင်မြိုနယ် ပကဖ တို့ တက်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဂုဏ်ပြုပွဲလုပ်တာကတော့ စည်စည်ကားကားပါပဲဗျ။ အခုလို ပြည်သူနဲ့ တသားတည်း ပူးပေါင်းလာတော့ ကျနော်တို့ဒေသခံတွေကတော့ ဝမ်းသာတယ်၊ ဂုဏ်လည်းယူတယ်။ အရင်က စစ်ကောင်စီ လက်အောက်ခံတပ်တွေဆို လူချင်းတွေ့ရင်တောင် သက်ပစ်ခြင်တဲ့ စိတ်တွေရှိခဲ့တယ်။ အခုလို သူတို့အသိစိတ်နဲ့ သူတို့ဝင်လာတော့ ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်။ နောက်ထပ် CDM လုပ်လာမယ့် စစ်သားတွေလည်း ကျနော်တို့ဒေသခံတွေက ကူညီပေးဖို့ရာ အဆင်သင့်ပါ” လို့ ဘုတလင်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်ရင်း ၃၇၀ ကနေ အသက် ၁၉ နှစ်အရွယ် တပ်သားအဆင့်ရှိသူ ၂ ဦး လက်နက်နဲ့အတူ CDM လုပ်လာတာလို့ သိရပါတယ်။

ဘုတလင်ဒုံးပျံအဖွဲ့ခေါင်းဆောင်က “သူတို့ CDM လုပ်လာတာက စက်တင်ဘာ ၄ ရက်နေ့ည ‌၁၂ နာရီလောက် CDM လုပ်ပြီး ကျနော်တို့ဘက်ကို ဝင်လာတယ်။ အဲတာကို ကျနော်တို့ သွားကြိုခဲ့တယ်ဗျ။ CDM လုပ်ဝင်လာတာက တပ်သားအဆင့်နှစ်ယောက်ပါ။ သူတို့စီမှာက MA1 တလက်၊ MA2 တလက်၊ ကျည် ၄၀၀ ကျော်၊ လက်ပစ်ဗုံး ၅ လုံးနဲ့ နင်းမိုင်းတလုံးပါခဲ့တယ်ဗျ။ အခုလိုဝင်လာတဲ့ ပြည်သူ့စစ်သားကောင်းတွေကို ကျနော်တို့အနေနဲ့  လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်တခုကို ပို့ဆောင်နေပါပြီ” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်သားနှစ်ဦးရဲ့ လုံခြုံရေးအရ အမည်၊ ကိုယ်ပိုင်အမှတ်ကို ထုတ်ဖော်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ CDM စစ်သားတဦးက “ကျနော်တို့ ရေဦး၊ ဒီပဲယင်းမြို့နယ်တွေကို စစ်ကြောင်ထိုးရတယ်။ အဲလိုထိုးနေရင်း ကိုယ်မလုပ်ခြင်လည်း စစ်ကြောင်မှူး ဗိုလ်ကြီးက ခိုင်းတော့ ရွာတွေကို မီးရှိုခဲ့ရတယ်။ PDF တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့တာတွေလည်း ရှိခဲ့တယ်၊ အကျဆုံးတွေလည်းရှိတယ်။ အခုလို ကိုယ့်ပြည်သူတွေနဲ့တိုက်ခိုက်နေတဲ့အရာကြီးကို ဆက်မလုပ်နိုင်တော့လို့ အခုလို ထွက်လာရတာပါ။ အရင်ကလည်း အခုလို အကြိမ်ကြိမ် CDM လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဗိုလ်တွေက‌လည်း ထွက်ပြေးတဲ့စစ်သားဆိုရင် အသေပစ်သတ်ဖို့ အမိန့် ပေးထားတယ်။ အခုဟာကတော့ ကိုယ်ကင်း တာဝန်ယူရတဲ့အချိန်မှာ အခုလိုထွက်ပြေးလာရတာ” လို့ ပြောပါတယ်။

သူတို့အနေနဲ့ PDF အဖွဲ့က ခွင့်ပြုပေးပါက စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ် ။

မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့အနေနဲ့ NUG ရဲ့ ချမှတ်ထားတဲ့ ဥပဒေအတိုင်း ရှေ့ဆက်လုပ်ဆောင်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up