ကင်ညာနိုင်ငံမှာ သမ္မတဝီလီယံရူတို ကျမ်းသစ္စာကျိန်ဆိုတဲ့ မြို့တော်ရှိ အားကစားကွင်း ဂိတ်ပေါက်မှာ စက်တင်ဘာ ၁၃ ရက်က လူအများအပြား တွန်းတိုက်လဲပြိုပြီး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ကင်ညာရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ဗွီဒီယိုမှာ နိုင်ရိုဘီရဲ့ လူ ၆၀၀၀၀ဆန့် ကာဆရာနီ အားကစားစင်တာရဲ့ အပြင်ဘက်မှာ ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေကြောင်း ပြသခဲ့ပါတယ်။
မာမားလူစီဆေးရုံမှာ တိုးတိုက်မိလို့ ဒဏ်ရာရလာသူ အများအပြားကို လက်ခံကုသပေးနေပြီး သူတို့ဟာ ခုတော့ အခြေအနေ တည်ငြိမ်နေကြပါပြီလို့ အရေးပေါ်ဌာနတာဝန်ရှိသူက ပြောပါတယ်။
စိန့်ဂျွန် လူနာတင်ယာဉ်ဌာနကနေ စေလွှတ်ထားသူတယောက်ကတော့ လူနာတင်ယာဉ်တွေဟာ ဒဏ်ရာရရှိသူ အများအပြားကို အနည်းဆုံး ဆေးရုံ ၃ ရုံကို ပို့ဆောင်ပေးခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိကြောင်း ပြောပါတယ်။
အားကစားကွင်းဟာ မနက် ၅ နာရီလောက်ကတည်းက သမ္မတ ရူတိုကို ထောက်ခံသူတွေနဲ့ စည်ကားခဲ့ပါတယ်။ အားကစားကွင်း ပြည့်နေပြီဖြစ်ပြီး တခြား ဘယ်သူမှ ထပ်မလာကြတော့ဖို့ တောင်းဆိုထားကြောင်း အမျိုးသားရဲဌာနက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
ကွယ်လွန်သူ အာဏာရှင် ဖာဒီနန်မားကို့စ်ရဲ့ သားဖြစ်သူ မားကို့စ်ဂျူနီယာဟာ ဖိလစ်ပိုင်သမ္မတအဖြစ် ဇွန် ၃၀ ရက် ဒီနေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ကမ္ဘာကျော် လူထုအုံကြွမှုမှာ ဖြုတ်ချခံခဲ့ရပြီးနောက် ၃၆ နှစ်အကြာမှာ အာရှတိုက်ရဲ့ အကျော်ကြားဆုံး နိုင်ငံရေးမျိုးရိုး အဆက်အနွှယ်ထဲက အံ့မခန်း တကျော့ပြန် အာဏာရလာတာလည်း ဖြစ်ပါတယ်။
မားကို့စ်ဂျူနီယာဟာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ ရှားရှားပါးပါး အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။
သူ့ကိုဝေဖန်သူတွေကတော့ အာဏာအလွဲသုံးစားပြုပြီး အကျင့်ပျက်ခြစားတဲ့ ကမ္ဘာ့နာမည်ဆိုးနဲ့ အကျော်ကြားဆုံး အစိုးရခေါင်းဆောင်ရဲ့ မိသားစုအပေါ် အများသူငါ အမြင်တွေကို ပြောင်းလဲဖို့ ဆယ်စုနှစ်များစွာကြာအောင် ကြိုးပမ်းအားထုတ်မှုလို့ ဆိုပါတယ်။
ဘွန်ဘွန်လို့ လူသိများတဲ့ ဖာဒီနန် မားကို့စ် ဂျူနီယာဟာ စည်းလုံးညီညွတ်ရေး ကြွေးကြော်သံတွေ ပဲ့တင်ထပ်နေတဲ့ မိန့်ခွန်းထဲမှာ လူတိုင်းကို အကျိုးရှိစေမယ့် မူဝါဒတွေနဲ့ နိုင်ငံကို တည်ဆောက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
“ကျွန်ုပ်တို့ တွေ့ကြုံခဲ့ရတဲ့ အကောင်းအဆိုး အတွေ့အကြုံတွေအရ ကောင်းမွန်တဲ့အရာတွေကို ပိုကောင်းအောင် လုပ်ဆောင်သွားဖို့ဖြစ်ပြီး အတိတ်ကို နောက်ပြန် ဒေါသဖြစ်၊ နောင်တရနေစရာ မလိုကြောင်း” ပြောသွားပါတယ်။