ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊ မူဆယ် မန့်ဝိန်းဂိတ် - ကျယ်ဂေါင် နယ်စပ်ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့မနက် ၇ နာရီက ပြန်ဖွင့်လိုက်ပေမယ့် လုပ်ငန်းလည်ပတ်မှု မရှိသေးဘူးလို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။
"ဂိတ်ပေါက်ကတော့ သူက ဖွင့်ရင် သုံးဂိတ်လုံး ဖွင့်မှာဗျ။ အခု မန့်ဝိန်းပေါက်လည်း ဖွင့်တော့ ဖွင့်တယ်။ ဒါပေမယ့် စာအုပ်တွေကတော့ အခု လောလောဆယ် ၁၃/ ပဲ စပေးမယ့် သဘောမှာ ရှိတယ်။ တနင်္လာနေ့မှ စမှာ။" လို့ နယ် စပ်ကုန်သည်တဦးက ပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့ကစ မူဆယ် အိမ်ထောင်စု ယာဉ်မောင်းတွေ၊ ၆ ဘီးကား ယာဉ်မောင်းတွေသာ Temporary Border Pass နဲ့ ဝင်နိုင်မှာဖြစ်ပြီး အဝင်အထွက် ဆေးစစ်ခံရပါမှာ ဖြစ်ကြောင်း နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
မန့်ဝိန်းဂိတ်ပေါက်ကနေလည်း မနေ့က ဂိတ်ဖွင့်လိုက်ကတည်းက တရုတ်ဘက်ကရော၊ မြန်မာဘက်ကရော ဘာယာဉ် အဝင်အထွက်မှ မတွေ့ရသေးပါဘူး။
တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ ဈေးဂိတ် အဖြစ်ကုန်သွယ်နေတဲ့ ဆင်ဖြူ ဂိတ်ပေါက်ကတော့ ဖွင့်ဖိုရန် ဂိတ် အဆောက်အဦတွေကို ပြင်ဆင်နေတာ တွေ့ရပါတယ်။
ဆင်ဖြူပေါက်နား သုံးဘီးယာဉ်မောင်းတဦး "မနေ့က လူကြီးတွေတော့ လာတယ်။ လာကြည့်တာပဲရှိတယ်။ ဖွင့်ပွဲ လုပ်သွားတာတော့ မတွေ့ဘူး။" လို့ ပြောပါတယ်။
လက်ရှိတော့ ဆင်ဖြူ - ကျယ်ဂေါင် နှစ်နိုင်ငံ ဝင်ထွက်ဂိတ် မြန်မာဘက်ခြမ်းမှာတော့ ကိုဗစ် စစ်ဆေးဖို့လို့ ယူဆရတဲ့ အခန်းတွေ ဆောက်လုပ်ပြင်ဆင်နေဆဲ တွေ့ရပြီး မုခ်ဦ ဆေးသုတ်တာတွေ၊ တခြား ပြင်ဆင်မွမ်းမံနေတာတွေ တွေ့ရပါတယ်။
ဒီနေ့ နေလယ်ပိုင်းအထိတော့ နန်းတော် (အလယ်ပေါက်) ဂိတ်လည်း မြန်မာဘက်ခြမ်း ပိတ်ထားဆဲ ဖြစ်တယ်လို့ အမျိုးသားတဦးက ပြောပါတယ်။
"ခု သူများပြောနေတာ ၁၃/ အရင် ပေးမယ်ကြားလို့ ကျနော်က ၁၃/ မဟုတ်ဘူး။ အဲဒါကြောင့် စာအုပ် ဘယ်လို လုပ်ရမလဲလို့ သွားမေးမလို့ သွားတာ နန်းတော်ပေါက်က ပိတ်ထားတယ်။"
မြန်မာဘက်ခြမ်း ဆင်ဖြူဂိတ်ပေါက်မှာ အဆောက်အဦ မွမ်းမံတဲ့ထဲမှာပါတဲ့ အမျိုးသမီးတဦးက "အဲမှာ ဆေးသုတ်ပြီးရင် ဖွင့်မယ်လို့ ပြောတာပဲ" လို့ ပြောပါတယ်။
လူဝင်၊ လူထွက် အတွက် မူဆယ်က နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေ တရုတ်ဘက်က ဖွင့်လှစ်လိုက်ကတည်းက မြန်မာဘက်ခြမ်း မဖွင့်သေးပေမယ့် တရုတ်ဘက် ရွှေလီ ကျယ်ဂေါင်မှာ ကျောက်စိမ်း၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင် စသဖြင့် ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ သူတွေက ဆိုင်ခန်းတွေကို ပစ်ထားခဲ့ကြတာကြောင့် မူဆယ်မှာ လာရောက် စောင့်ဆိုင်းနေသူတွေလည်းရှိပါတယ်။
"အသိတွေလေ။ ဂိတ်ဖွင့်တော့မယ်ဆိုလို့ တက်လာကြတာ။ ဟိုတယ်မှာ တပတ်ကျော်ပြီ။ အခန်းတွေတောင် ကျပ်တယ်တဲ့။ စရိတ်လည်း ပြတ်ကုန်ကြပြီ အခုထိလည်း မဖွင့်သေးဘူး။ ငါတို့က နယ်စပ်မှာပဲ လုပ်ကိုင် စားသောက်တတ်တော့ နေ့တိုင်းပဲ ဂိတ်ဖွင့်မဖွင့် လာကြည့်နေရတယ်" လို့ ဒေသခံအမျိုး သမီးတဦး က ပြောပါတယ်။
ကိုဗစ်ကာေအတွင်း တရုတ်ဘက်က ကိုဗစ် zero စနစကြောင့် မြန်မာနိုင်ငံသားေတွ အများဆုံး အလုပ်လုပ်ကိုင် နေထိုင်တဲ့ မူဆယ်နဲ့ ထိစပ်နေတဲ့ ကျယ်ဂေါင်မြို့ကို ပိုးသတ်ဖို့ဆိုပြီး လူတွေ တယောက်မှ မရှိအောင် ဖယ်ရှားလိုက်တာမှာ မြန်မာနိုင်ငံသား အများစုက အကုန်ထားခဲ့ပြီး ပြည်တော် ပြန်ခဲ့ကြရတာပါ။
ကိုဗစ် အကြောင်းပြချက်နဲ့ နှစ်ချီကြာ ပိတ်ထားခဲ့တဲ့ မူဆယ် နယ်စပ်က မန့်ဝိန်း၊ နန်းတော်၊ ဆင်ဖြူဂိတ်တွေကို အခုရက်ပိုင်းတွေမှာ ယခင်ကလို ပြန်လည် လည်ပတ်နိုင်ဖို့ ပြင်ဆင် နေတာပါ။
တရုတ်တနိုင်ငံလုံး လော့ဒေါင်းဖြေလျှော့လိုက်ပြီးနောက် ၃ နှစ်နီးပါး ပိတ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်မှာလည်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုလိုက်တဲ့ အပြင် ဆိုင်တွေပါ ဖွင့်ခွင့်ပြုလိုက်ပြီလို့ တရုတ်ဘက်ခြမ်းက မြန်မာလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ရွှေလီမှာနေတဲ့ မြန်မာလုပ်ငန်းရှင်တဦးက “ဆိုင်တွေဖွင့်ခွင့်ရပြီ။ ကျယ်ဂေါင် လွတ်လွတ်လပ်လပ် သွားလို့ရပြီ။ ကျယ်ဂေါင်ဖွင့်တာ ၁၅ ရက်လောက်ရှိနေပြီ” လို့ ပြောပါတယ်။
ကျယ်ဂေါင်ကိုလည်း မြန်မာနိုင်ငံသားတွေရော တရုတ်နိုင်ငံသားတွေရော အလွယ်တကူ ဝင်ထွက်သွားလာလို့ရပြီ ဖြစ်သလို ဆိုင်တွေလည်း ဖွင့်ခွင့်ပြုလိုက်တာကြောင့် တော်တော်များများ ဆိုင်တွေရော ကျောက်ဝိုင်းတွေပါ သန့်ရှင်းရေးတွေလုပ်ကာ ပြင်ဆင်နေကြပြီလို့ ကျယ်ဂေါင် ကြေးမုံ ကျောက်ဝိုင်းက ကျောက်ကုန်သည်တဦးက ပြောပါတယ်။
“ငါတို့တောင် ကျောက်ဝိုင်းသွားလုပ်နေပြီ။ ပိတ်ထားတာ သုံးနှစ်ရှိပြီ။ အခုက ဆိုင်တွေ ဘာတွေ လာဖွင့်ဖို့ သန့်ရှင်းရေးလုပ်နေပါတယ်။”
ကျယ်ဂေါင်မှာ လူတွေနေထိုင်တာ မရှိသေးပေမဲ့ လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ပြီဖြစ်လို့ သန့်ရှင်းရေးတွေလုပ်ကာ စတင်လှုပ်ရှားနေတာတွေ ရှိပေမဲ့ မြန်မာဘက်က ကုန်သည်တွေရဲ့ လက်ကျန်ကုန်ပစ္စည်းတွေကိုတော့ ထုတ်ခွင့်မရသေးသလို နှစ်နိုင်ငံ လူဝင်လူထွက်ကိုလည်း ပိတ်ထားဆဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၇ ရက်ည သန်းခေါင်ယံ ထုတ်ပြန်ကြေညာချက်အရ တရုတ်နိုင်ငံ၊ တယ်ဟုန်ခရိုင် တခုလုံး လူအိုရုံ၊ ဆေးရုံ၊ ကျောင်းတွေကလွဲပြီး ကျန်တဲ့နေရာတွေအားလုံး လေယာဉ်ပဲစီးစီး၊ ကားနဲ့ပဲသွားသွား၊ ကိုဗစ်ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ စစ်ဆေးမေးမြန်းမှု မရှိတော့ဘဲ လွတ်လွတ်လပ်လပ် သွားလာလို့ရပါပြီလို့ ဆိုပါတယ်။
“ကွာရန်တင်းစင်တာကဆိုရင် မနေ့က လူတွေအကုန်လုံးကို ပြန်လွှတ်လိုက်ပြီလေ။ တယောက်မကျန် အကုန်လုံး အိမ်ကို ပြန်လွှတ်လိုက်ပြီ” လို့ နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။
မြို့ကြီးတွေကတော့ တမြို့နဲ့တမြို့ ကူးပြောင်းသွားလာမယ့် နေရာအတွက် သက်ဆိုင်ရာ နေရာတွေမှာ ဆေးစစ်ချက်ယူပြီးမှ သွားလာရမှာဖြစ်ကာ အပြင်ထွက်ရင် mask တပ်ရုံကလွဲပြီး အစိုးရစရိတ်နဲ့ အာခေါင်တို့ပတ် စစ်ဆေးတာတွေ ရပ်နားလိုက်ပြီလို့ ဆိုပါတယ်။
“ဆေးတွေဆိုလည်း အပြင်မှာ ဝယ်သောက်လို့ရပြီလေ။ အရင်တုန်းက အပြင်မှာ တရားဝင် မရောင်းဘူးလေ။ အဲလိုပဲ မိမိကိုယ်ကို မိမိပဲ စောင့်ရှောက်ရမှပေါ့နော်။”
ပြီးခဲ့တဲ့ရက်ပိုင်းတွေက တရုတ်နိုင်ငံရဲ့ မြို့ကြီးတချို့ကို လော့ဒေါင်းပြုလုပ်တာတွေ ရပ်နားလိုက်ပြီး ကိုဗစ်ရောဂါကိုလည်း သာမန် နှာစေး၊ ချောင်းဆိုးရောဂါအဖြစ်သာ သတ်မှတ်လိုက်ပြီး ဆေးတွေ လွတ်လပ်စွာ ဝယ်လို့ရတဲ့အပြင် ပိုးတွေ့ခဲ့ရင်လည်း လိုအပ်တဲ့ ဆေးဝယ်ယူပြီး မိမိအိမ်မှာ မိမိဘာသာ အိမ်မှာပဲနေပြီး ကုလို့ရပါပြီလို့ ဆိုပါတယ်။
တရုတ်ဘက်က ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်တာကြောင့် မြန်မာဘက်က ကိုဗစ်ရောဂါ အကြောင်းပြပြီး တင်းကျပ်မှုတွေ၊ ရှန်တိန်အဆင့်ဆင့်တွေ လျှော့ပေါ့သင့်ပြီ ဖြစ်ပြီး မြန်မာနိုင်ငံဘက်က လျှော့ပေါ့မှသာ ကုန်ကျစရိတ်တွေသက်သာကာ ကုန်သည်တွေ၊ တောင်သူတွေ၊ စားသုံးသူတွေအတွက် သက်သာမှာဖြစ်တယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
“ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ လျှော့ပေါ့ပေးပါလို့ ပြောချင်ပါတယ်။ ၅ မိုင်ကနေ ရှန်တိန် သုံးလေးဆင့်လည်း မလိုတော့ဘူး။ ဖြုတ်ပစ်လိုက်သင့်ပြီ။ အစိုးရကွင်းကလွဲပြီး အကုန်လုံး ဖြုတ်သင့်ပြီ။ ကုန်သည်တွေ၊ တောင်သူတွေ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာပေါ့နော်” လို့ ကုန်တင်ယဉ်ပိုင်ရှင်တဦးက ပြောပါတယ်။
တရုတ်ဘက် ရွှေလီ၊ ကျယ်ဂေါင်၊ ဝမ်တိန်တို့နဲ့ ထိစပ်နေတဲ့ မြန်မာဘက် မူဆယ်နယ်စပ်၊ ကျင်စန်းကျော့-ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်က မြန်မာ-တရုတ် ကုန်သွယ်မှုရဲ့ ၇၀ ရာခိုင်နှုန်းလောက် ကုန်သွယ်နေရပြီး မြန်မာနိုင်ငံရဲ့ ပို့ကုန်၊ သွင်းကုန် လွယ်ကူ မြန်ဆန်မှုဟာလည်း တရုတ်ဘက်က ကိုဗစ်သတ်မှတ်ချက် တင်းကျပ်မှု၊ ဖြေလျှော့မှုပေါ်မှာ များစွာ မူတည်နေတာလည်း ဖြစ်ပါတယ်။