close

ကျူးကျော်နေအိမ်

close

April 5, 2023

ပြည်ကြီးတံခွန်မြို့နယ်တွင် ပြည်သူ့နေအိမ်များကို စစ်တပ်က ဘူဒိုဇာထိုး ဖျက်ဆီး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ကနေ မဟာအောင်မြေခရိုင်ထဲ ရောက်သွားတဲ့ ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက် ၄၅×၄၆ ကြား အပိုင်း ၁ ကနေ ၉ အထိ ပြည်သူတွေရဲ့ နေအိမ်တွေကို ကျူးမြေတွေဆိုပြီး မတ် ၂၃ ရက်ကနေ ဧပြီ ၃ ရက်ထိ စစ်ကောင်စီက ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မျက်မြင်တွေ့သူတဦးက “အရပ်သားအစိုးရလက်ထက်ကတော့ မြို့တော်ကွက်သစ်မြေအဖြစ် သတ်မှတ်ပြီးသားပါ။ ယာဥ်ထိန်းရဲက လမ်းတွေပိတ်ချပစ်ပြီး ၁ ပိုင်းချင်း မထင်ရင် မထင်တဲ့နေရာက စဖျက်တာ။ ဖျက်ပြီးတာနဲ့ ခြံခတ်ပြီး ခေါ်လာတဲ့ ဝယ်လက်ဆီ တန်းရောင်းတာကို မြင်တဲ့သူက မြင်နေတာပဲ” လို့ ပြောပါတယ်။

ဒေသခံတဦးကလည်း “စည်ပင်၊ ရဲ၊ စစ်သားနဲ့ အရပ်ဝတ်စုံဝတ် လူတွေက ဘတ်ဖိုး ၂ စီးနဲ့ဝင်လာတာ။ ကားသေးတွေနဲ့ရော ဝင်လာပြီး အချိန်ဘယ်လောက်သတ်မှတ်ပေးထားထား ၄၅ မိနစ်လောက်ဆိုရင် ဖြိုချပစ်တာ။ ၃ ထပ်တိုက်လို အိမ်ကြီးတွေလည်း ပါတယ်။ တလမ်းမှာ အိမ်ခြေ ၄၅ အိမ်လောက်ရှိပြီး ဖြိုခံရတဲ့အိမ် အတိအကျကိုတော့ မခန့်မှန်းတတ်ဘူး” လို့ ပြောပါတယ်။

ဧပြီ ၃ ရက် ညက ရပ်ကွက်ဥက္ကဋ္ဌနဲ့ သူ့တူကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပြီးနောက် မီးဖြတ်ပြီး ဧည့်စာရင်းစစ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဖြိုဖျက်နေချိန်နဲ့ အဲဒီနောက်ပိုင်းမှာလည်း တင်းကျပ်စွာစစ်ဆေးပြီး အသွားအလာ ကန့်သတ်ကာ ဖြိုဖျက်ခံရသူတွေကတော့ နေထိုင်စရာ နေရာတွေကို အပူတပြင်း ရှာဖွေနေရပြီး တချို့က နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ‌ခေတ္တခိုလှုံနေကြပါတယ်။

39 seconds Ago

November 21, 2022

မင်္ဂလာဒုံရှိ ပြည်သူလူထုနေအိမ်များကို ဖျက်ဆီးရှင်းလင်းရန် ရဲအင်အားအများပြား စောင့်ကြည့်နေ

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်က ကျူးကျော်လို့ဆိုပြီး ဖျက်သိမ်းဖို့ အသိပေးခံထားရတဲ့ အိမ်တွေအနီးမှာ ရဲအင်အားအများအပြား စောင့်ကြည့်နေပြီး သတ်မှတ်ရက်ကျော်ရင် အကြမ်းဖက် ဝင်ရောက်ရှင်းလင်းလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက် ၅ ခုထက်မနည်းက နေအိမ် ၁၀,၀၀၀ ကျော်ကို တပ်ပိုင်မြေမှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဖျက်သိမ်းဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။

အဲဒီလို ဖျက်သိမ်းခိုင်းထားတဲ့အိမ်တွေအနီးမှာ ရဲအများအပြားက သေနတ်တွေကိုင်ဆောင်ပြီး လုံခြုံရေး ရယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “အင်အားအတော်ကိုများတယ်။ ဖြတ်သွားဖြတ်လာကားတွေ ပေးမရပ်ဘူး။ ဓာတ်ပုံရိုက်လို့မရဘူး။ ကျနော်တောင် အိမ်ဖျက်နေတဲ့ပုံ လှမ်းရိုက်တာ သူတို့မြင်သွားပြီး လှမ်းအော်လို့ ကားမောင်းပြေးလာရတယ်” လို့ ပြောပါတယ်။

အဲဒီနေအိမ်တွေကို နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးဖယ်ခိုင်းထားပြီး နောက်ထပ် လေးရက် တိုးပေးလိုက်တာကြောင့် နိုဝင်ဘာ ၂၂ အပြီးဖျက်ပေးရမယ့် အခြေအနေ ရှိနေတာပါ။

ပျဥ်းမပင်ရပ်ကွက်မှာ နေထိုင်သူတဦးက “သတ်မှတ်ရက်ကျော်ရင်တော့ သူတို့ ဝင်အကြမ်းဖက်ပြီး ရှင်းမယ်ထင်တယ်။ အိမ်တော်တော်များများတော့ ဖျက်ပြီး ရွှေ့နေကြပြီ” လို့ ပြောပါတယ်။

ကျူးကျော်လို့ စွပ်စွဲခံရတဲ့ အိမ်တချို့မှာ နှစ်ဆယ်နှင့်ချီ အခိုင်အမာ ဆောက်လုပ်နေထိုင်နေတဲ့အိမ်တွေ ပါသလို ဘုန်းကြီးကျောင်း အများအပြားနဲ့ စေတီတွေလည်း ပါပါတယ်။

ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ သာသနိက အဆောက်အဦတွေ အနေနဲ့ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးဖို့ မင်္ဂလာဒုံမြို့နယ် သံဃနာယကအဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ စာပို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ကျူးကျော်နေထိုင်သူတွေကို ဆက်တိုက်ရှင်းလင်း ဖယ်ရှားနေတာကြောင့် နိုင်ငံတဝန်း အိမ်ခြေမဲ့သူဦးရေ တိုးပွားလာနေတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

4 months Ago
Up