close

မင်္ဂလာဒုံရှိ ပြည်သူလူထုနေအိမ်များကို ဖျက်ဆီးရှင်းလင်းရန် ရဲအင်အားအများပြား စောင့်ကြည့်နေ

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်က ကျူးကျော်လို့ဆိုပြီး ဖျက်သိမ်းဖို့ အသိပေးခံထားရတဲ့ အိမ်တွေအနီးမှာ ရဲအင်အားအများအပြား စောင့်ကြည့်နေပြီး သတ်မှတ်ရက်ကျော်ရင် အကြမ်းဖက် ဝင်ရောက်ရှင်းလင်းလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက် ၅ ခုထက်မနည်းက နေအိမ် ၁၀,၀၀၀ ကျော်ကို တပ်ပိုင်မြေမှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဖျက်သိမ်းဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။

အဲဒီလို ဖျက်သိမ်းခိုင်းထားတဲ့အိမ်တွေအနီးမှာ ရဲအများအပြားက သေနတ်တွေကိုင်ဆောင်ပြီး လုံခြုံရေး ရယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “အင်အားအတော်ကိုများတယ်။ ဖြတ်သွားဖြတ်လာကားတွေ ပေးမရပ်ဘူး။ ဓာတ်ပုံရိုက်လို့မရဘူး။ ကျနော်တောင် အိမ်ဖျက်နေတဲ့ပုံ လှမ်းရိုက်တာ သူတို့မြင်သွားပြီး လှမ်းအော်လို့ ကားမောင်းပြေးလာရတယ်” လို့ ပြောပါတယ်။

အဲဒီနေအိမ်တွေကို နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးဖယ်ခိုင်းထားပြီး နောက်ထပ် လေးရက် တိုးပေးလိုက်တာကြောင့် နိုဝင်ဘာ ၂၂ အပြီးဖျက်ပေးရမယ့် အခြေအနေ ရှိနေတာပါ။

ပျဥ်းမပင်ရပ်ကွက်မှာ နေထိုင်သူတဦးက “သတ်မှတ်ရက်ကျော်ရင်တော့ သူတို့ ဝင်အကြမ်းဖက်ပြီး ရှင်းမယ်ထင်တယ်။ အိမ်တော်တော်များများတော့ ဖျက်ပြီး ရွှေ့နေကြပြီ” လို့ ပြောပါတယ်။

ကျူးကျော်လို့ စွပ်စွဲခံရတဲ့ အိမ်တချို့မှာ နှစ်ဆယ်နှင့်ချီ အခိုင်အမာ ဆောက်လုပ်နေထိုင်နေတဲ့အိမ်တွေ ပါသလို ဘုန်းကြီးကျောင်း အများအပြားနဲ့ စေတီတွေလည်း ပါပါတယ်။

ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ သာသနိက အဆောက်အဦတွေ အနေနဲ့ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးဖို့ မင်္ဂလာဒုံမြို့နယ် သံဃနာယကအဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ စာပို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ကျူးကျော်နေထိုင်သူတွေကို ဆက်တိုက်ရှင်းလင်း ဖယ်ရှားနေတာကြောင့် နိုင်ငံတဝန်း အိမ်ခြေမဲ့သူဦးရေ တိုးပွားလာနေတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up