ကျူးဘားနိုင်ငံက ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ မီးသတ်သမားတွေဟာ ကျွန်းနိုင်ငံရဲ့ အရှေ့ဘက် တောအုပ်တစ်ခုမှာ ၇ ရက်ကြာ လောင်ကျွမ်းနေတဲ့ တောမီးကြီး ဖေဖော်ဝါရီ ၂၄ ရက်က အသည်းအသန် မီးငြှိမ်းသတ်နေကြပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်မှာ စတင် လောင်ကျွမ်းခဲ့တဲ့ တောမီးကြီးဟာ ဧရိယာ အများအပြားကို လောင်ကျွမ်းခဲ့ပြီး အိုလ်ဂင်းန်မြို့ရှိ အရှေ့ဘက် ပင်နာရက်စ်ဒဲမာယာရီတောင်တွေပေါ်က သစ်တောစိုက်ခင်းတွေနဲ့ကော်ဖီသီးနှံခင်းတွေဆီကို ဆိုးရွားတဲ့ ပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။
ပဏာမအစီရင်ခံချက်တွေအရ မီးတောက်တွေဟာ ဟက်တာ ၉ ရာလောက်ကို ဝါးမြိုသွားတယ်လို့ ဒေသခံရုပ်သံ သတင်းထောက် ယောဒနိစ် ရိုဒရီဂွက်ဇ် က ပြောပါတယ်။
လေပြင်းကြောင့်မီးက ပိုပြင်းထန်လာတယ်လို့ မီးလောင်မှုဒဏ်ကိုခံခဲ့ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။
ကျူးဘားနိုင်ငံမှာ ဇန်နဝါရီလအတွင်း တောမီးအကြိမ် ၈၀ မီးလောင်ခဲ့ကြောင်း Forest Ranger Corps သစ်တောထိန်းသိမ်းရေးအဖွဲ့အရ သိရပါတယ်။
ကျူးဘားနိုင်ငံအတွင်း ပြတ်လပ်မှုတွေကို ကာမိစေဖို့ ဂျုံတန်ချိန် ၂၅၀၀၀ ခွဲကို အရေးပေါ်အလှူဒါနအနေနဲ့ ရုရှားအစိုးရက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပေးပို့လိုက်ပါတယ်။
ဒါဟာ ကာလကြာရှည် မဟာမိတ် ၂ နိုင်ငံကြား ဆက်ဆံရေး နက်ရှိုင်းလာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
ဂျုံတွေကို လွှဲပေးချိန်မှာ ကျူးဘား နိုင်ငံခြားကုန်သွယ်ရေး ဒုဝန်ကြီး အန်နာ တေရေစီတာ ဂွန်ဒါလဲ့ဇ်ကို ကျူးဘားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်ဒရေ ဂုစ်ကို့ဗ်က နှုတ်ဆက်ခဲ့ပါတယ်။
ကျူးဘားမှာ အစိုးရက အမတော်ကြေးပေးတဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ပေါင်မုန့်လုပ်ရာမှာသုံးတဲ့ ဂျုံတွေကို လှူဒါန်းတာဟာ ကျူးဘားနဲ့ ရုရှားကြား နောက်ဆုံးကမ်းလှမ်းချက် လက္ခဏာလည်း ဖြစ်ပါတယ်။
ယူကရိန်းပဋိပက္ခကြောင့် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ရုရှားဟာ အမေရိကန်ရဲ့ လွှမ်းမိုးကြီးစိုးမှုကို ဆန့်ကျင်တဲ့ တခြားနိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး အားဖြည့်ဖို့ ကြိုးစားနေပါတယ်။
ကျူးဘားနိုင်ငံဟာ ကက်စထရို ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးအပြီး ၁၉၆၂ ခုနှစ် တည်းက အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်တာကို ခံနေခဲ့ရတာပါ။
ကျူးဘားကျွန်းဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ အမေရိကန်ရဲ့ ကာလကြာရှည် ဒဏ်ခတ် ပိတ်ဆို့ထားမှုတွေကြောင့် ဖြစ်လာတဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းကို တွေ့ကြုံနေရလို့ ရုရှားအစိုးရနဲ့ ပြည်သူတွေကို အထူးကျေးဇူးတင်ပါတယ်လို့ ဒုဝန်ကြီး ဂွန်ဇာလဲ့က အခမ်းအနားအပြီး ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ကျူးဘားသမ္မတ မစ်ဂယ် ဒီယက်ဖ် ကန်နယ်တို့ဟာ ရုရှားမြို့တော် မော်စကိုမှာ နိုဝင်ဘာလတုန်းက ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရိုအတွက် အထိမ်းအမှတ် အဆောက်အအုံကို ဖွင့်လှစ်ခဲ့ပြီး အမေရိကန်က သူတို့နှစ်နိုင်ငံစလုံးအပေါ် ပိတ်ဆို့အရေးယူတာကို ရင်ဆိုင်နေရချိန်မှာ ချစ်ကြည်ရင်းနှီးမှု တိုးမြင့်လာစေဖို့ ကတိပြုခဲ့ကြပါတယ်။
ယူကရိန်းပဋိပက္ခ အစောပိုင်းမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဈေးနှုန်းတွေ မြင့်တက်ခဲ့လို့ ကျူးဘားမှာ ပေါင်မုန့်တွေ ပြတ်လပ်ခဲ့တဲ့အတွက် ဂျုံတန်ချိန် ၂၀,၀၀၀ ကို ရုရှားက ကျူးဘားဆီကို ဧပြီလမှာ တင်ပို့ခဲ့ပါတယ်။