ဂျပန်နိုင်ငံ ကျူးရှူးကျွန်းပေါ်က ဂျပန်နိုင်ငံရဲ့ အကြီးဆုံးမီးတောင်ရှင် အာဆိုဟာ အောက်တိုဘာ ၂၀ ရက်က ပေါက်ကွဲသွားပါတယ်။
စောင့်ကြည့်ရေးကင်မရာတွေကနေ ရိုက်ကူးထားတဲ့ မီးတောင် ပေါက်ကွဲပုံရုပ်သံကို ဂျပန် မိုးလေဝသဌာနက ထုတ်လွှင့်ပြီး သေဆုံးဒဏ်ရာရမှုနဲ့ အပျက်အစီးစာရင်းကို မသိရသေးပါဘူး။
ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင်တွေထဲက တခုလည်းဖြစ်တဲ့ အာဆိုမီးတောင်ဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၃ မိနစ်လောက်မှာ စတင်ပေါက်ကွဲခဲ့ပြီး ပြာတွေကို ကောင်းကင်ပေါ် ၂ ဒသမ ၂ မိုင် အမြင့်ထိ မှုတ်ထုတ်ခဲ့တယ်လို့ ဂျပန် မိုးလေဝသဌာနက ပြောပါတယ်။
အဆင့်ငါးဆင့်ရှိတဲ့ တပ်လှန့်သတိပေးချက်စနစ်အရ မီးတောင် ပေါက်ကွဲမှုဆိုင်ရာ အဆင့် ၃ တပ်လှန့် သတိပေးချက်ကို ဂျပန် မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
လူတွေ မီးတောင်နားကို မကပ်ဖို့၊ မီးတောင်ရဲ့ နာခါဒါကေ မီးတောင်အူကြောင်းပတ်လည် အချင်း သုည ဒသမ ၆ မိုင်ပတ်လည်ကို မသွားကြဖို့နဲ့ ချော်ခဲတွေ ထိမှန်မယ့်ဘေးကို သတိထားကြဖို့ တပ်လှန့်ထားပါတယ်။
အာဆိုမီးတောင်ဟာ ၂၀၁၉ ခုနှစ်က အသေးစား ပေါက်ကွဲခဲ့ဖူးပါတယ်။ ဂျပန်ရဲ့ နှစ်၉၀ သမိုင်းမှာ အဆိုးဆုံး မီးတောင် ပေါက်ကွဲမှုက ၂၀၁၄ စက်တင်ဘာမှာ ဖြစ်ခဲ့ဖူးပြီး အွန်တာ့ခဲ မီးတောင်ပေါ်မှာ လူ ၆၃ ယောက် သေဆုံးခဲ့ပါတယ်။
ဂျပန်တောင်ပိုင်း၊ ကျူးရှူးကျွန်းပတ်ဝန်းကျင်ဒေသမှာ စံချိန်တင်အောင် မိုးရွာခဲ့အပြီး သြဂုတ် ၁၄ ရက်က လမ်းတွေ ခါးထိ ရေမြုပ်နေတဲ့အပြင် မြေပြိုလို့လည်း လမ်းတွေ ပိတ်နေပါတယ်။
မနေ့ မွန်းလွဲထိ ၃ ရက်ဆက်တိုက် တနေရာတည်းမှာ ရွာတဲ့ မိုးရေချိန်က ၃၇ ဒသမ ၆ လက်မ ရှိခဲ့တာပါ။
ဒေသတွင်း ပြည်သူ ၁ သန်းခွဲအတွက် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၅ တပ်လှန့် သတိပေးချက် ထုတ်ပြန် ထားတယ်လို့ NHK သတင်းဌာနက ပြောပါတယ်။
လာမယ့်ရက်အနည်းငယ်အတွင်း မိုးထပ်ရွာဦးမယ်လို့ ဂျပန်မိုးလေဝသဌာန (JMA) က သတိပေးထားပါတယ်။
ဂျပန်ရဲ့ အကြီးဆုံးကျွန်းမကြီး ဟွန်းရှူးကျွန်းပေါ်မှာလည်း မိုးတွေ အကြီးအကျယ် ရွာနေပါတယ်။ သီတင်းတပတ်လောက် ဂျပန်တနိုင်ငံလုံး မိုးဆက်ရွာဦးမယ်လို့ (JMA)က သတိပေး ထားပါတယ်။