ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့ကျေးရွာမှာ ဘုရားစေတီနဲ့ သိမ်အပါအဝင် ယဉ်ကျေးလိမ္မာသင်တန်းကျောင်းမြေနေရာကို ရွာဦးကျောင်းဘုန်းတော်ကြီး ဦးတေဇောဘာသက တရားမဝင်ကျောက်စိမ်းတူးဖော်သူတွေနဲ့ ကျောက်စိမ်းတူးဖော်ဖို့ ပြင်ဆင်နေမှုအပေါ် ကျေးရွာသားတွေက ကန့်ကွက်နေကြပါတယ်။
စပေါ့ကျေးရွာ ကျောင်းထိုင်ဆရာတော် ဘုန်းကြီး ဦးတေဇောဘာသ၊ ဂေါပက ဦးသိန်းမောင်နဲ့ ဦးစိုင်းတင်ထွန်း၊ ရွာသားအသိသက်သေ ဦးယဉ်ထွေးတို့ဟာ စပေါ့ကျေးရွာသားတွေ ကန့်ကွက်နေတဲ့ကြားမှ လက်မှတ်ရေးပြီး တရားမဝင်ကျောက်စိမ်းတူးရေးကုမ္ပဏီတခုနဲ့ ကျောက်စိမ်းတူးဖော်ဖို့ သဘောတူခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
ဘုရားစေတီနဲ့ သာသနိကအဆောက်ဦးတွေ၊ သာသနာပိုင်မြေတွေကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးက မစောင့်ရှောက်ဘဲ ငွေကြေးအကျိုးအမြတ်ရလိုမှု မျက်နှာတခုကြည့်ပြီး အခုလို ဆောင်ရွက်ခဲ့တဲ့အပေါ် စပေါ့ကျေးရွာသားများက မကျေနပ်ကြဘူးလို့ အမည်မဖော်လိုသူ စပေါ့ကျေးရွာသားတဦးက ပြောပါတယ်။
“စေတီတွေ သိမ်တွေဖျက်ပြီး ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင်က တရားမဝင်ကျောက်စိမ်းတူးမယ်ဆိုတာ ရှက်စရာတောင်ကောင်းနေပါပြီ၊ ကျနော်တို့ဘာသာကို တခြားဘာသာတွေက ဘယ်လိုထင်ကုန်မလဲ။”
အဆိုပါသာသနာ့မြေအား ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး ကျောက်စိမ်းတူးဖော်ဖို့ ပြင်ဆင်နေမှုနဲ့ ပတ်သက်ပြီး စပေါ့ကျေးရွာသား ၆၄၀ကျော်က သဘောမတူကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ လက်မှတ်ထိုးတိုင်ကြားပြီးဖြစ်တယ်လို့ ရွာသားတဦးက ပြောပါတယ်။
“ဒီကိစ္စကို သဘောမတူလို့ ကျနော်တို့ရွာသား ခြောက်ရာကျော်လက်မှတ်ထိုးပြီး KIO တိုက်နယ်ရုံး၊ KIA ထောက်လှမ်းရေးတွေကိုလည်း တိုင်ထားပြီးပြီ။ ဒါကို ဘုန်ကြီးနဲ့ဂေါပကတွေက ဇွတ်လုပ်နေကြတာ ဘာသဘောလဲတော့မသိဘူး။"
သာသနာပိုင်စေတီနဲ့ သိမ်အပါအဝင် သာသနိကအဆောက်ဦများစွာ ပါဝင်တဲ့ သာသနာပိုင်မြေကို ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသ ဦးဆောင်ပြီး အကျိုးတူကျောက်စိမ်းတူးဖော်ဖို့ ပြုလုပ်နေမှုအပေါ် ဦးဆောင်ကန့်ကွက်တဲ့ ရွာသားတွေရဲ့ နေအိမ်ကို အမည်မသိလူတွေက လက်လုပ်မိုင်းတွေနဲ့ ဖောက်ခွဲခြိမ်းခြောက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားမှာ ဇန်နဝါရီ ၂ ရက် မနက် ၈ နာရီခွဲလောက်က အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရသူမှာ အသက် ၅၀ အရွယ် ဦးဝင်းအောင် ဆိုသူဖြစ်ပြီး ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်သူတဦး ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဦးဝင်းအောင်ဟာ သေနတ်ပစ်ခံရတဲ့ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီအသိုင်းအဝိုင်းက လူမှုကွန်ရက် သတင်းစာမျက်နှာတွေမှာ ဦးဝင်းအောင်ကို PDF က ပစ်တယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ဖြန့်နေပါတယ်။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာလည်း ၈၉ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားရှိ သိရီဟေမာအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းမှာ ဇန်နဝါရီ ၂ ရက် မနက် ၇ နာရီခွဲလောက်က မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။
မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးကို ရပ်ကွက်ရုံးမှာ သန့်ရှင်းရေးလာလုပ်တဲ့ ရာအိမ်မှူးတယောက်က တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ရောက်လာခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ ရောက်လာအပြီးမှာ တွေ့ရှိတဲ့ လက်ပစ်ဗုံးကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူထံက သိရပါတယ်။
မန္တလေးမြို့အနှံ့ လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီတပ်၊ ယာဉ်ထိန်း၊ စည်ပင်၊ ရဲနဲ့ အရပ်ဝတ် လက်နက်ကိုင်တွေပါတဲ့ အဖွဲ့စုံက ဆိုင်ကယ်၊ ကားတွေ တားဆီးစစ်ဆေးနေပါတယ်။