close

မန္တလေးတွင် ကျောက်စိမ်းရောင်းဝယ်သူ ၁ ဦး ပစ်သတ်ခံရ၊ ချမ်းအေးသာစံ ရပ်ကွက်ရုံးတွင် ဗုံးတွေ့

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားမှာ ဇန်နဝါရီ ၂ ရက် မနက် ၈ နာရီခွဲလောက်က အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ပစ်သတ်ခံရသူမှာ အသက် ၅၀ အရွယ် ဦးဝင်းအောင် ဆိုသူဖြစ်ပြီး ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်သူတဦး ဖြစ်တယ်လို့  ဒေသခံတွေထံက  သိရပါတယ်။

ဦးဝင်းအောင်ဟာ သေနတ်ပစ်ခံရတဲ့ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်ကောင်စီအသိုင်းအဝိုင်းက လူမှုကွန်ရက် သတင်းစာမျက်နှာတွေမှာ ဦးဝင်းအောင်ကို PDF က ပစ်တယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ဖြန့်နေပါတယ်။

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာလည်း ၈၉ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားရှိ သိရီဟေမာအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းမှာ ဇန်နဝါရီ ၂ ရက် မနက် ၇ နာရီခွဲလောက်က မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။

မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးကို ရပ်ကွက်ရုံးမှာ သန့်ရှင်းရေးလာလုပ်တဲ့ ရာအိမ်မှူးတယောက်က တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ရောက်လာခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ရောက်လာအပြီးမှာ တွေ့ရှိတဲ့ လက်ပစ်ဗုံးကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူထံက သိရပါတယ်။

မန္တလေးမြို့အနှံ့ လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီတပ်၊ ယာဉ်ထိန်း၊ စည်ပင်၊ ရဲနဲ့ အရပ်ဝတ် လက်နက်ကိုင်တွေပါတဲ့ အဖွဲ့စုံက ဆိုင်ကယ်၊ ကားတွေ တားဆီးစစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up